Monday, November 9, 2015

"အသက်အရွယ်ကြီးမြင့်သူများ ယခင်ကထက် လူမှုရေးမီဒီယာကို ပိုမိုအသုံးပြုလာဟု စစ်တမ်းတစ်ရပ်ဆို "



ပြီးခဲ့သည့်လက ထွက်ပေါ်ခဲ့သော Pew သုတေသနစင်တာ၏ အစီရင်ခံစာ တစ်ရပ်အရ အသက် ၆၅နှစ်နှင့် အထက် အရွယ်ရှိ လူကြီးသူမ ၃၅ရာခိုင်နှုန်းသည် လူမှုရေးမီဒီယာကို အသုံးပြုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိန်းဂဏန်းသည် ၂၀၁၀ခုနှစ်က ကောက်ယူခဲ့သော စစ်တမ်းထက် ၃ဆ ပိုမိုများပြားလာသည်။
၎င်းစစ်တမ်းတွင် အသက် ၆၅နှစ်အရွယ်ရှိ ၁၁ရာခိုင်နှုန်းသာ လူမှုရေးမီဒီယာ အသုံးပြုကြသည်။ သို့သော်လည်း လူကြီးသူမများ၏ လူမှုရေးမီဒီယာအသုံးပြုမှုသည် လူငယ်များစွာကို လိုက်မီရန် များစွာ လိုသေးသည်။ အသက် ၆၅နှစ်နှင့်အထက်ရှိသူ ၂ရာခိုင်နှုန်းက လူမှုရေး မီဒီယာကို ပုံစံအမျိုးမျိုးဖြင့် သုံးစွဲလျက်ရှိစဉ် အသက် ၁၈နှစ်မှ ၂၉နှစ်ရှိ လူငယ်၉၀ရာခိုင်နှုန်းက လူမှုရေးမီဒီယာကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။
ထိုသို့အသက်အရွယ် ကြီးမြင့်သူများက လူမှုရေးမီဒီယာများကို ပိုမို အသုံးပြုလာရခြင်းမှာ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံဆည်းရခြင်း၊ နာတာရှည် ရောဂါသည်များကို အပြန်အလှန်အားပေး ကူညီခြင်းနှင့် မျိုးဆက်ကွာဟမှုများကို ကျဉ်းမြောင်းစေရန် နည်းလမ်းတစ်ခုဖြင့် အသုံးပြုလာခြင်းတို့ကြောင့် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာကို Pew သုတေသန စင်တာ မတ်လ ၂၀၀၅ခုနှစ်မှ ဇူလိုင် ၂၀၁၅ခုနှစ်အတွင်းရှိ စစ်တမ်း ၂၇ခုနှင့် တွေ့ဆုံမေးမြန်းမှုပေါင်း ၆၂,၀၀၀အပေါ် အခြေပြု၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Credit To >>> Mizzima News 

0 comments:

Post a Comment