လွန်ခဲ့သည့် သီတင်းပတ်က အီဂျစ်တွင် ပျက်ကျခဲ့သော ရုရှားလေယာဉ်၏
ဘလက်ဘောက်စ်မှ ရရှိသော အချက်အလက်များက လေယာဉ်သည် ဗုံးဖြင့်
တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ပြသနေသည်ဟု သတင်းရင်းမြစ်
များကပြောကြားခဲ့သည်။ အီဂျစ်ကဦးဆောင်သော စုံစမ်းစစ်ဆေးမှုအဖွဲ့က ၎င်းတို့၏
ပထမဆုံး တွေ့ရှိချက်များကို နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ရန် မစီစဉ်နိုင်မီ
ယခုကဲ့သို့ သတင်းရင်းမြစ်များက ပြောကြားခဲ့ခြင်းဖြစ်သည်။
လေယာဉ်သည် စိန့်ပီတာစဘတ်သို့ ထွက်ခွာရန် ရှမ်အယ်ရှိတ် အပန်းဖြေစခန်းမှ
ပျံတက်ခဲ့ပြီးနောက် ၂၄ မိနစ်ကြာအထိ ပျံသန်းရေး မှတ်တမ်းများနှင့်
အသံမှတ်တမ်းများ နှစ်ရပ်စလုံး ပျောက်ဆုံးနေသည်ဟု ဆိုသည်။ လေယာဉ်သည်
ကောင်းကင်မှနေ၍ ဆိုင်နိုင်းကျွန်းဆွယ်ပေါ်သို့ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်တွင်
လိုက်ပါလာသော လူပေါင်း ၂၂၄ ဦးစလုံး သေဆုံးခဲ့ရသည်။
အစောပိုင်း၌ အီဂျစ်နှင့် ရုရှားတို့က လေယာဉ်ကို IS အဖွဲ့က
ပစ်ချခဲ့သည်ဟူသည့် အဆိုတစ်ရပ်ကို ပယ်ချခဲ့သည်။ သို့သော် လေယာဉ်သည်
တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟူသည့် အထောက်အထားများ ကြီးထွားလာနေသောကြောင့်
နိုင်ငံပေါင်းများစွာတို့က ရှမ်အယ်ရှိတ်သို့ ခရီးသွားလာမှုမပြုရန်
သတိပေးမှုများ ပြုလုပ်လာခဲ့သည်။
နိုဝင်ဘာ ၆ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ပင်လယ်နီအပန်းဖြေစခန်းသို့
လေယာဉ်များ ပျံသန်းမှုကို ရပ်တန့်ထားရန် အမိန့်ပေးခဲ့သည်။ ယင်းဖြစ်ရပ်သည်
နဂိုကတည်းက ရုန်းကန်နေရသည့် အီဂျစ် ခရီးသွားလုပ်ငန်းအပေါ် ထိုးနှက်ချက်
အသစ်တစ်ရပ် ဖြစ်လာခဲ့သည်။
ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့က
ယင်းကဲ့သို့ တားမြစ်ခြင်းများသည် ရုရှားအစိုးရအနေဖြင့် လေယာဉ်ပျက်ကျမှုသည်
တိုက်ခိုက်ခံရ၍ဖြစ်သည်ဟု ယုံကြည်၍ မဟုတ်ကြောင်းနှင့်
စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ အဆိုပါ
လေယာဉ်ပျက်ကျမှုသည် ရုရှားသမိုင်း၌ အဆိုးရွားဆုံး လေကြောင်း
ခရီးသွားလာမှုဆိုင်ရာ ဘေးဒုက္ခကြီးဖြစ်လာသည်။
ရုရှားအရေးပေါ် လုပ်ငန်းများဆိုင်ရာ ၀န်ကြီးဌာန အကြီးအကဲက
ရုရှားနိုင်ငံမှ အထူးကျွမ်းကျင်သူများသည် ပျက်ကျသွားသော လေယာဉ်မှ
နမူနာအပိုင်းအစများ ရယူပြီး ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများနှင့်
ပတ်သက်သည့် သဲလွန်စများကို စမ်းသပ်ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။
သို့သော် စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက
ဘလက်ဘောက်စ်မှ ရရှိသော အချက်အလက်များသည် လေယာဉ်ပေါ်တွင် ပေါက်ကွဲသော
ဗုံးတစ်လုံးကြောင့် လေယာဉ်ပျက်ကျရခြင်း ဖြစ်သည်ဟူသည့် အဆိုကို
ခိုင်မာအားကောင်းစေသည်ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
လေယာဉ်ပျက်ကျမှုနှင့် နီးစပ်သော ပါရီမြို့တွင် နေထိုင်သူတစ်ဦးက
လေယာဉ်သည် ပြင်းထန်စွာနှင့် ရုတ်တရက် ဇာတ်သိမ်းသွားခြင်း ဖြစ်သည်ဟု
ပြောကြားခဲ့သည်။ သူက “လေယာဉ်ပျံသန်းနေတုန်းက အရာရာ ပုံမှန်ပါပဲ။ လုံးဝကို
ပုံမှန်ပါ။ ပြီးတော့ ရုတ်တရက် ဘာမှမရှိတော့ဘူး”ဟု ပြောကြားခဲ့သည်။ အီဂျစ်
လေကြောင်းခရီးသွားဝန်ကြီး ဟော့ဆမ်ကာမယ်နှင့် အီဂျစ်စုံစမ်းစစ်ဆေးရေး
ခေါင်းဆောင်တို့သည် နိုဝင်ဘာ ၇ ရက်တွင် ပထမဆုံး
သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် စီစဉ်ထားသည်။
Credit To >>> Eleven Media Group
Monday, November 9, 2015
ရုရှားလေယာဉ်သည် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ဘလက်ဘောက်စ်က ညွှန်ပြနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment