အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းလုံးကျွတ် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲ ပြုလုပ်ခဲ့သော သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရပ်ကွက် မြို့ဦးစေတီကွင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆွယ်စည်းရုံးရေး ဟောပြောပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးတင်လှိုင်က ပြောကြားသည်။
အဆိုပါ ဟောပြောပွဲကို မဲဆွယ်စည်းရုံးရေး ကာလ၏ နောက်ဆုံးရက်ဖြစ်သော နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဟောပြောပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထိပ်သီးခေါင်းဆောင်များ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးနှင့် တိုင်းအလုပ်အမှုဆောင် အဖွဲ့ဝင်များ မဲဆွယ်ဟောပြောမည် ဖြစ်ပြီး အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်များလည်း ပါရှိကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ဦးဌေးဦးကိုတော့ လှမ်းဆက်သွယ်ထားပါတယ်။ ဌာနချုပ်က ဘယ်သူဆင်းလာမလဲတော့ မသိသေးပါဘူး။ ဒီပွဲကို မဲဆွယ်စည်းရုံးခွင့် သတ်မှတ်ထားတဲ့ နောက်ဆုံးမှာ ပိတ်ပွဲအနေနဲ့ ရန်ကုန်မှာ လုပ်ဖြစ်သွားတာပါ” ဟု ၎င်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဒေသကြီး တိုင်းလုံးကျွတ် မဲဆွယ်စည်းရုံး ဟောပြောပွဲကို နိုဝင်ဘာလ ၁ ရက်နေ့ ယင်းနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေသိန်းချီ တက်ရောက်ခဲ့သည်။
နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး အချိန်ကာလအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ သတ်မှတ်ပေးထားကြောင်း ယင်းကော်မရှင်က သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၃၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၅ နေရာ၊ ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော် ၆၅၁ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
Credit To >>> The Voice News
0 comments:
Post a Comment