Monday, October 5, 2015

အူရီဒူးက တရားဝင် ကြေညာခြင်း မပြုဘဲ အင်တာနက် အသုံးပြုခနှုန်းနှင့် ပုံစံများ ပြောင်းလဲမြင့်တက် သတ်မှတ်ခြင်းအပေါ် သုံးစွဲသူများ ဝေဖန်


အူရီဒူးမြန်မာ အနေဖြင့် အမှုဆောင် အရာရှိချုပ် အပြောင်းအလဲနှင့် အတူ အင်တာနက် အသုံးပြုခ နှုန်းထားနှင့် အချိန်ပိုင်းအလိုက် ဖုန်းခေါ်ဆိုခ နှုန်းထားများ ပြောင်းလဲမှု ရှိသွားခြင်းကို တရားဝင် ကြေညာခြင်း မပြုဘဲ နှုန်းထားပြောင်းလဲ မြင့်တက်လိုက်ခြင်းအပေါ် သုံးစွဲသူများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။
အူရီဒူးက စက်တင်ဘာ ၃၀ ရက်တွင် အမှုဆောင် အရာရှိချုပ်အသစ် မိတ်ဆက်ပွဲနှင့်အတူ ပရိုမိုးရှင်း အစီအစဉ်အဖြစ် အောက်တိုဘာ ၁ ရက်မှစ၍ ဖုန်းငွေဖြည့်သည့်အခါ ရာခိုင်နှုန်း ၅၀ အပိုထပ်ဆောင်း ရရှိမည် ဖြစ်ကြောင်းကိုသာ ကြေညာခဲ့သည်။ အပိုထပ်ဆောင်း ရရှိငွေကို နံနက် ၆ နာရီမှ ည ၆ နာရီအတွင်း အသုံးပြုရမည်ဖြစ်ပြီး ဖုန်းပြောရန်၊ မက်ဆေ့ခ်ျပို့ရန်၊ အင်တာနက် အသုံးပြုရန်အတွက် အသုံးပြုနိုင်သော်လည်း အင်တာနက် Package များကို ၀ယ်ယူနိုင်မည် မဟုတ်ကြောင်း သိရသည်။ ထို့ကြောင့် အပိုထပ်ဆောင်း ရရှိငွေမှာ ၂၄ နာရီအတွင်းသာ သက်တမ်းရှိပြီး ၁၂ နာရီအတွင်း သုံးစွဲရမည်ဖြစ်ကာ  အင်တာနက် Plan အတွက်လည်း မသုံးစွဲနိုင်သောကြောင့် သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။

အင်တာနက် Package Plan များမှာလည်း ယခင်က 1 GB Plan ယူပါက 1 GB ရရှိသော်လည်း ယခု မရရှိနိုင်တော့ကြောင်း သိရသည်။ ထို့ပြင် နှုန်းထားများမှာလည်း ပြောင်းလဲမြင့်တက်သွားကြောင်း သိရသည်။

ယခု သတ်မှတ်လိုက်သော အင်တာနက် နှုန်းထား အသစ်မှာ တစ်ရက်လျှင် 50 MB အသုံးပြုခြင်းအတွက် ကျပ် ၃၉၀၊ တစ်ပတ်လျှင် 650 MB အသုံးပြုခြင်းအတွက် ကျပ် ၅၀၀၀၊ တစ်လလျှင် 1 GB အသုံးပြုခြင်းအတွက် ကျပ် ၈၀၀၀၊ တစ်လလျှင် 2 GB အသုံးပြုခြင်းအတွက် ကျပ် ၁၅၀၀၀၊ တစ်လလျှင် 5 GB အသုံးပြုခြင်းအတွက် ကျပ် ၂၅၀၀၀ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သုံးသလောက်ပေးဖြင့် အင်တာနက် သုံးစွဲသူများအတွက် နှုန်းထားမှာလည်း နံနက် ၇ နာရီမှ ည ၇ နာရီအတွင်း သုံးစွဲခြင်းအတွက် 1 MB လျှင် ရှစ်ကျပ်နှင့် ဖုန်းပြောဆိုခ နှုန်းထားမှာ တစ်မိနစ်လျှင် ၂၅ ကျပ်ဖြစ်ကြောင်း သိရသည်။ ည ၇ နာရီမှ နံနက် ၇ နာရီအတွင်း သုံးစွဲပါက အင်တာနက်နှုန်းထားမှာ 1 MB လျှင် ခြောက်ကျပ်နှင့် ဖုန်းပြောဆိုခ နှုန်းထားမှာ တစ်မိနစ်လျှင် ကျပ် ၂၀ ဖြစ်ကြောင်း အူရီဒူးမြန်မာ၏ Call Cantre မှ သိရသည်။

SMS ပို့ခမှာ တစ်စောင်လျှင် ၁၅ ကျပ်ဖြင့် ယခင်အတိုင်းပင်ဖြစ်ပြီး နိုင်ငံတကာ ဖုန်းခေါ်ဆိုခ နှုန်းထားမှာလည်း အပြောင်းအလဲ မရှိကြောင်း သိရသည်။

“အခု နှုန်းထားတွေ ပြောင်းလဲတဲ့ ကိစ္စက တရားဝင်ပြောလို့ မရသေးပါဘူး။ ကျွန်မတို့ အနေနဲ့ ထုတ်ပြန်ချက်ထုတ်လို့ မရသေးဘူး။ ၀က်ဘ်ဆိုက်မှာ ၀င်ကြည့်ရင်တော့ တွေ့ပါလိမ့်မယ်” ဟု အူရီဒူးမြန်မာမှ တာဝန်ရှိသူက အောက်တိုဘာ ၃ ရက်တွင် ပြောကြားသည်။

အူရီဒူး သုံးစွဲသူများထံသို့ မက်ဆေ့ခ်ျပို့ရာတွင် ရာခိုင်နှုန်း ၅၀ ထပ်ဆောင်းပေးသည့် အစီအစဉ်ကိုသာ ပေးပို့မှုရှိနေပြီး နှုန်းထားအပြောင်းအလဲများကို ပေးပို့ခြင်း မရှိသောကြောင့် သုံးစွဲသူများမှာ အင်တာနက် Package Paln ယူသည့်အခါ အဆင်မပြေ ဖြစ်ကြရကြောင်း သိရသည်။

“အရင်က 500 MB Plan ကိုယူရင် နောက်ထပ် 500 MB ထပ်ရလို့ စုစုပေါင်း 1 GB ရပြီး နှုန်းထားက ကျပ် ၃၉၀၀ ကျတယ်။ အခု 1 GB ကို ကျပ် ၈၀၀၀ ဆိုတော့ တော်တော်များသွားပါပြီ။ ဖုန်းပြောခမှာလည်း RED အစီအစဉ် မရှိတော့ဘဲ တစ်မိနစ်ကို ၂၅ ကျပ် ပြန်ဖြစ်သွားလို့ တခြားအော်ပရေတာတွေနဲ့ယှဉ်ရင် အူရီဒူးက ဈေးအများဆုံး ဖြစ်လာတော့မယ်” ဟု အူရီဒူးသုံးစွဲသူ တစ်ဦးက ဝေဖန်ခဲ့သည်။

အူရီဒူး၏ ယခင်အင်တာနက် နှုန်းထားများမှာ တစ်ရက်လျှင် 50 MB အသုံးပြုခြင်းအတွက် ကျပ် ၃၉၀၊ တစ်လလျှင် 500 MB အသုံးပြုခြင်းအတွက် ကျပ် ၃၉၀၀၊ တစ်လလျှင် 1 GB အသုံးပြုခြင်းအတွက် ကျပ် ၆၉၀၀၊ တစ်လလျှင် 2 GB အသုံးပြုခြင်းအတွက် ကျပ် ၁၂၉၀၀၊ တစ်လလျှင် 5 GB အသုံးပြုခြင်းအတွက် ကျပ် ၂၉၉၀၀၊ တစ်လလျှင် 10 GB အသုံးပြုခြင်းအတွက် ကျပ် ၅၅၉၀၀ ဖြစ်ကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment