ဇူလိုင်
၁၄ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်
ပထမခြောက်လ နိုင်ငံတော်၏စာရင်းများကို စစ်ဆေးတွေ့ရှိချက်များအပေါ်
ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့ခြင်းဖြစ်သည်။
ကော်မတီ၏အစီရင်ခံစာတွင်
ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်
ပြန်လည်သုံးသပ်ဆောင်ရွက်ရန်များရှိသည့်အနက် ပြန်ကြားရေးဝန်ကြီးဌာန၊
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့နှင့် ရွှေသံလွင်ကုမ္ပဏီ၏ SKY NET
ရုပ်သံလွှင့်လုပ်ငန်းများမှ လုပ်ငန်းဆောင်ရွက်မှုနှင့်
အကျိုးအမြတ်ခွဲဝေမှုများကို ပြန်လည်သုံးသပ်သင့်ကြောင်း ဖော်ပြထားသည်။
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင်
ဦးမောင်တိုးက "နိုင်ငံတော်ကိုပေးသွင်းရမယ့် ၀င်ငွေအများအပြား
နစ်နာမှုမရှိစေဖို့၊ ငှားရမ်းကြည့်ခတွေကို စနစ်တကျ တိကျစွာရရှိစေဖို့၊
ငှားရမ်းကြည့်ရှုသူတွေ ငှားရမ်းခလျော့နည်းသက်သာစေဖို့၊
သက်ဆိုင်ရာအဖွဲ့အစည်းကျွမ်းကျင်သူတွေ၊
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့က စနစ်တကျစိစစ်ကာ
ပြန်လည်သုံးသပ်ကာ စာချုပ်ချုပ်ဆိုဆောင်ရွက်သင့်ပါတယ်" ဟု
အစီရင်ခံစာဖတ်ကြားစဉ် ပြောကြားသည်။
ထို့အပြင်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်တွင်MRTV နှင့်
ရွှေသံလွင်ကုမ္ပဏီပူးပေါင်းရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့်
ရန်ကုန်မြို့ရှိ Tower တိုင်နှင့် စက်ခန်းနေရာ Infrastructure များအတွက်
နိုင်ငံတော်၏ငွေကြေးအကျိုးခံစားခွင့် တစ်စုံတစ်ရာဖော်ပြမှုမရှိကြောင်း၊
Infrastructure များငှားရမ်းခများကို စာချုပ်အကျိုးသက်ရောက်သည့်နေ့မှစ၍
ပေးသွင်းရမည့်ငွေကြေးပမာဏ သတ်မှတ်ရာတွင် တိကျသောနှုန်းထားမသတ်မှတ်ဘဲ
ရုပ်သံလွှင့်လိုင်းများ၊ ကြည့်ရှုခပေးရသော အခပေးလိုင်းကြေးရငွေများ
ဆီလျော်မှုမရှိသည်ကိုတွေ့ရခြင်းများကို ထောက်ပြစစ်ဆေး၍
ပြန်လည်သုံးသပ်နိုင်ရန် ဖော်ပြထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
MRTV
နှင့်ရွှေသံလွင်ကုမ္ပဏီသည် (၂၈-၇-၂၀၁၀)မှစကာ စာချုပ်ချုပ်ဆိုကာ DTH
စနစ်ဖြင့် ရုပ်သံလွှင့်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊
လုပ်ငန်းစတင်လည်ပတ်ချိန်မှ သုံးနှစ် အခွန်ကင်းလွတ်ခွင့်ရခဲ့ကြောင်း၊
အကျိုးအမြတ်ခွဲဝေပေးခြင်းမှလည်း ကင်းလွတ်ခွင့်ပြုပေးထားခဲ့ကြောင်း၊
ကင်းလွတ်ခွင့်ကာလသုံးနှစ်ပြည့်၍ အကျိုးအမြတ်ခွဲဝေခြင်းကို (၂၇-၂-၂၀၁၃)
မှစကာ MRTV သို့ပေးသွင်းရမည်ဖြစ်သော်လည်း စည်းကမ်းသတ်မှတ်ချက်ဖြင့်
နည်းလမ်းတကျ တွက်ချက်ပေးသွင်းနိုင်ခြင်းမရှိ၍ Infrastructure
ငှားရမ်းခများအဖြစ်သာ ကောက်ခံရန် ဆောင်ရွက်ကြပြီး မူလစာချုပ်တွင် တစ်လလျှင်
ကျပ်သိန်း ၃၀၀ ခန့်ပေးသွင်းရာမှ စာချုပ်ပြင်ဆင်ခဲ့ကြောင်း၊ ထို့အတွက်
တစ်လလျှင် ကျပ် ၄၀၄ သိန်းခန်ပေးသွင်းခဲ့ကြောင်း၊ Forever Group Co,Ltd မှ
ရုပ်သံလွှင့်လုပ်ငန်းများအတွက် Infrastructure များ ငှားရမ်းခတစ်လလျှင်
ကျပ်သိန်း ၃၀၅၀ ခန့်ပေးသွင်းနေရကြောင်း ကော်မတီ၏အစီရင်ခံစာတွင်
ဖော်ပြထားသည်။
MRTV နှင့်ရွှေသံလွင်ကုမ္ပဏီသည် MRTV ဌာနပိုင်မြေဧရိယာ
၄၈၆၀၀ စတုရန်းပေပေါ်တွင် Infrastructure များဆောက်လုပ်ရန် MRTV မှ ဒေါ်လာ
၃၅၀၀၀၀၊ ရွှေသံလွင်မှ ဒေါ်လာ ၂၉၀၀၀၀ နှင့် ကျပ်သန်း ၂၀၀၀ ထည့်ဝင်၍
အကျိုးတူပူးပေါင်းဆောင်ရွက်သဖြင့်လည်းကောင်း၊ MRTV
လုပ်ငန်းများဆောင်ရွက်ပေးရ၍လည်းကောင်း အသုံးပြုခများ
တွက်ချက်ခြင်းမပြုဟုသိရကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
ထို့အပြင်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၂၀၁၃-၂၀၁၄ခု ဘဏ္ဍာနှစ်စာရင်းများကို
ဒုတိယခြောက်လစစ်ဆေးချက်တွင် SKY NET ရုပ်သံထုတ်လွှင့်ရန်
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံချက်ဖြင့် Set Top Box with LNB
အလုံး ၃၈၃၅၀၀ လုံးကို တင်သွင်းခဲ့ကြောင်း၊ ၎င်းတို့ကို ငှားရမ်းကြည့်ရှုခ၊
ကြော်ငြာခများရရှိငွေများမှ အခွန်ပေးဆောင်ပြီး ကျန်ငွေမှသာ MRTV
သို့ပေးသွင်းရန် စာချုပ်ချုပ်ဆိုထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုစာချုပ်အရ
SKY NET အနေဖြင့် ပထမသုံးနှစ်ကင်းလွတ်ခွင့်၊ ဒုတိယငါးနှစ်တွင်
ငါးရာခိုင်နှုန်း၊ တတိယငါးနှစ်တွင် ရှစ်ရာခိုင်နှုန်း၊ စတုတ္ထငါးနှစ်တွင် ၁၂
ရာခိုင်နှုန်း၊ ပဉ္စမငါးနှစ်တွင် ၁၆ ရာခိုင်နှုန်း၊ ဆဋ္ဌမငါးနှစ်တွင် ၂၀
ရာခိုင်နှုန်း၊ သတ္တမငါးနှစ်တွင် ၂၅ ရာခိုင်နှုန်း စသည်ဖြင့် MRTV
သို့ပေးသွင်းရမည်ဖြစ်သည်။
SKY NET TV လစဉ်ကြည့်ရှုခ အကျိုးအမြတ်များ၊
ကြောငြာခ၀င်ငွေများကို စနစ်တကျမှတ်တမ်းတင်
တွက်ချက်ထောက်ခံမှုများမရှိသဖြင့် ငှားရမ်းကြည့်ရှုခများ၊ ကြောငြာခများမှ
အကျိုးအမြတ်ရရှိရန် အခြေခံနှုန်းတွက်ချက်ရန် ခက်ခဲကြောင်း၊ ပြည်သူများ
ငှားရမ်းကြည့်ရှုခပေးရသည့် အခပေးလိုင်းကြေးဈေးနှုန်းများမှာ
လျော့နည်းသွားခြင်းမရှိ၍ ဆီလျော်မှုမရှိကြောင်း၊ MRTV နှင့်
ရွှေသံလွင်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အမြတ်ငွေပေးသွင်းမှုများကို
နှစ်နှစ်လျှင်တစ်ကြိမ် Review လုပ်၍ ဆောင်ရွက်ရန်
စာချုပ်ချုပ်ဆိုသတ်မှတ်ထားသည်ကို တွေ့ရှိရသည်ဟု စာရင်းစစ်ချုပ်ရုံး၏
စစ်ဆေးချက်များတွင် တွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏
အစီရင်ခံစာတွင် ဖော်ပြထားသည်။
Credit to>>>Eleven Media
Wednesday, July 15, 2015
SKY NET နှင့်ချုပ်ဆိုထားသည့် စာချုပ်များအရ နိုင်ငံတော်မှရမည့်ဝင်ငွေများ နစ်နာမှုမရှိစေရန်နှင့် ငှားရမ်းကြည့်ရှုသူများ သက်သာစေရန်အတွက် စနစ်တကျစိစစ်ကာ စာချုပ်ပြန်လည်ချုပ်ဆိုသင့်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီထောက်ပြ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment