ဂါဇာအပေါ် အစ္စရေး၏ ပိတ်ဆို့မှုများ ဖယ်ရှားမပေးမချင်း အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်လာမည် မဟုတ်ဟု ဟားမားစ် စစ်သွေးကြွတို့က ပြောကြားခဲ့သည်။
ဟားမားစ် ပြောက်ကျားများ၏ ခေါင်းဆောင်ဖြစ်သော ခါလက်ဒ် မက်ရှားလ်က မိမိတို့ မျှော်လင့်သည့် အခြေအနေတစ်ရပ် ရောက်မလာမီ မည်သည့် အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက်ကိုမျှ လက်ခံမည် မဟုတ်ဟု ဆိုသည်။ အစ္စရေးသည် ဂါဇာအခြေစိုက် ဟားမားစ်တို့ကို မြေပြင်နှင့် ဝေဟင် ထိုးစစ်များဖြင့် တိုက်ခိုက်နေပြီး ဟားမားစ်တို့ကလည်း အစ္စရေး ပိုင်နက်ဘက်သို့ ဒုံးကျည်များဖြင့် ဆက်လက် ပစ်ခတ်နေသည်။
ဇူလိုင်(၈)ရက်က အစပြုသော အစ္စရေး၏ ထိုးစစ်များအတွင်း ပါလက်စတိုင်းဘက်ကမှ (၆၄၉)ဦး အနည်းဆုံး သေဆုံးပြီး အစ္စရေး စစ်သည် (၃၂)ဦးနှင့် အရပ်သားအချို့လည်း သေဆုံးခဲ့သည်။ ခါလက်ဒ်က “ကျုပ်တို့ဘက်ကတော့ ဂါဇာပြည်သူတွေအပေါ် အစ္စရေးရဲ့ ပိတ်ဆို့မှုတွေ မဖယ်ပေးမချင်း ဘယ်လို ကနဦး ကမ်းလှမ်းချက်ကိုမှ လက်ခံမှာ မဟုတ်ဘူး။ ဒီလုပ်ရပ်ဟာ ကျွန်တော်တို့ရဲ့ အနစ်နာခံမှုကို မလေးစားရာ ရောက်နေတယ်”ဟု ပြောကြားခဲ့သည်။
၎င်းက ဟားမားစ်တို့ အနေဖြင့် လူသားချင်း စာနာမှုအတွက် ယာယီ အပစ်အခတ် ရပ်စဲမှုမျိုးကိုမူ လက်ခံမည်ဟု ဆိုသည်။ “ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့တာမျိုး၊ စစ်ဘေးသင့် ဒေသက လူတွေကို ရွှေ့ပြောင်းပေးတာမျိုးတွေမှာတော့ ကျွန်တော်တို့ဘက်က အေးအေးဆေးဆေး လက်ခံသွားမှာပါ”ဟု ခါလက်ဒ်က ပြောကြားခဲ့သည်။
အစ္စရေးသည် (၂၀၀၆)ခုနှစ်က အစ္စရေးစစ်သား ဂီလတ်ဒ်ရှာလစ်ကို ဟားမားစ်တို့ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဖြစ်ရပ်နောက်ပိုင်း ဂါဇာဒေသကို ပိတ်ဆို့ထားခဲ့သည်။ (၂၀၀၇)ခုနှစ်တွင် ဂါဇာကို ဟားမားစ်တို့ အုပ်ချုပ်ခွင့် ရလာသည့်နောက် အစ္စရေးနှင့် အီဂျစ်တို့က ပိတ်ဆို့မှုကို ပိုမိုတင်းကျပ်ထားလိုက်သည်။
_Ref: BBC

0 comments:
Post a Comment