တောင်အာဖရိက၏ လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေး စံပြခေါင်းဆောင်နှင့် ၂၀ ရာစု နိုင်ငံရေးလောက၏ အထင်ရှားဆုံး ခေါင်းဆောင် တစ်ဦးဖြစ်သူ နယ်လ်ဆင်မင်ဒဲလားသည် အသက် ၉၅ နှစ်အရွယ်၌ ဒီဇင်ဘာ ၆ ရက်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူသည် အဆုတ်ထဲ ပိုးဝင်ခြင်း ထပ်ကျော့ ဖြစ်ပွားခြင်းမှနေ ၍ ဖြစ်ပေါ်သော နောက်ဆက်တွဲ ပြဿနာ များကြောင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာတစ်ဝန်းလုံးက ချစ်ခင်လေးစားသော နိုဗယ်ဆုရ ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလားသည် လူမျိုးရေး ခွဲခြားမှုနှင့် ပတ်သက်၍ ရက်စက်ကြမ်းကြုတ်သော သမိုင်းကြောင်းရှိသည့် တောင်အာဖရိကနိုင်ငံမှ အမျိုးသား ပြန်လည်သင့်မြတ်ရေး သင်္ကေတ တစ်ရပ်လည်း ဖြစ်သည်။
တောင်အာဖရိက၏ လူမျိုးရေးခွဲခြားသော အစိုးရကို ဖြုတ်ချရန် ကြံစည်ခဲ့မှုအတွက် မင်ဒဲလား သည် နှစ်ပေါင်း ၃၀ နီးပါးကြာ ထောင်ထဲတွင် နေခဲ့ရပြီး ၁၉၉၀ ပြည့်နှစ်တွင်မှ ပြန်လည် လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် သမိုင်းဝင် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ မင်ဒဲလားသည် တောင် အာဖရိက နိုင်ငံ၏ ပထမဆုံး လူမည်းခေါင်းဆောင် ဖြစ်လာခဲ့သည်။ သို့သော် မင်ဒဲလားသည် ပထမ သမ္မတသက်တမ်း တစ်ခုတည်းသာ တာဝန်ယူခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ရာထူးမှ ဆင်းပေးခဲ့သည်။ ယင်းနောက် နိုင်ငံရေး လောကမှ အနားယူခဲ့ပြီး လူအများမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။
မင်ဒဲလားသည် အဆုတ်ပိုးဝင်မှုကို နာတာရှည် ရောဂါအဖြစ် ခံစားခဲ့ရပြီးနောက် ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ ရှိ နေအိမ်တွင် သူ၏မိသားစုများ ၀န်းရံလျက် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ မင်ဒဲလား သေဆုံးကြောင်း သတင်းကို တောင်အာဖရိကနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းလုံးသို့ စိတ်ခံစားမှု ပြင်းပြစွာဖြင့် တိုက်ရိုက် ထုတ်လွှင့်မှုမှ တစ်ဆင့် ကြေညာခဲ့သူမှာ တောင်အာဖရိကသမ္မတ ဂျက်ကော့ ဇူးမားဖြစ် သည်။ ရော်ဘင် ကျွန်းတွင် အကျဉ်းသားအဖြစ် နေထိုင်ရခဲ့ဖူးသူ ဇူးမားက ''ကျွန်တော်တို့ရဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီး နယ်လ်ဆင် ရိုလီဟလာဟလာ မင်ဒဲလားတစ်ယောက် ကျွန်တော်တို့ကို ခွဲခွာသွားခဲ့ပါပြီ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ သူရဲ့အကြီးမြတ်ဆုံး သားတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး ကျွန်တော်တို့ ပြည်သူတွေ အတွက်တော့ ဖခင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာပါပဲ'' ဟု ကြေညာခဲ့သည်။
မင်ဒဲလားသည် စက်တင်ဘာလက ဆေးရုံမှ ဆင်းလာခဲ့သော်လည်း နေအိမ်တွင် အထူးကြပ် မတ် စောင့်ရှောက် ကုသမှုများကို ခံယူနေခဲ့ရသည်။ မင်ဒဲလားသည် အကျဉ်းထောင်အတွင်း နေထိုင်စဉ် တီဘီရောဂါ ရခဲ့ပြီးနောက် အဆုတ်ရောဂါ ပြဿနာနှင့် ကာလကြာရှည်စွာ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
ရေဒီယိုနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် မင်ဒဲလား ကွယ်လွန်ကြောင်း သတင်းကို ကြားသိခဲ့ရပြီးနောက် တောင်အာဖရိက နိုင်ငံသားများသည် သူ၏နေအိမ် အနီးဝန်းကျင်ရှိ လမ်းများပေါ်သို့ တဖွဲဖွဲ ရောက်ရှိလာကြပြီး လက်ချင်းချိတ်လျက် လမ်းလျှောက်ကာ မင်ဒဲလား၏ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို ဂုဏ်ပြုသည့် သီချင်းများကို သီဆိုနေခဲ့ကြသည်ဟု ဆိုသည်။
ဒီဇင်ဘာ ၆ ရက်တွင် တောင်အာဖရိက သူရဲကောင်း နယ်လ်ဆင်မင်ဒဲလား၏ အသုဘကို နိုင်ငံတော် ဈာပနအဖြစ် ကျင်းပရန် ပြင်ဆင်မှုများ စတင်နေပြီဖြစ်သည်။ နယ်လ်ဆင်မင်ဒဲလား၏ ဈာပန အခမ်းအနားသို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား အပါအ၀င် နိုင်ငံအများ အပြားမှ ခေါင်းဆောင် များနှင့် အော်ပရာဝင်းဖရေး၊ ဘီကလင်တန်နှင့် ဟီလာရီကလင်တန် တို့ကဲ့သို့ မင်ဒဲလားနှင့် ရင်းနှီးသူများ တက်ရောက် ကြလိမ့်မည်ဟု မျှော်လင့်ထားသည်။
အစိုးရသတင်း ရင်းမြစ်များအရ မင်ဒဲလားကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထား သည့် နေ့ဖြစ်သော 'အမျိုးသား ပြန်လည်သင့်မြတ်ရေးနေ့' (ဒီဇင်ဘာ ၁၆ ရက်) တွင် သင်္ဂြိုဟ်ရန် အများက တောင်းဆို ထားသည်ဟု သတင်းထွက်ခဲ့သော်လည်း ဒီဇင်ဘာလ ၁၄ ရက်တွင် သင်္ဂြိုဟ်လိမ့်မည် ဖြစ်ကြောင်း သိရသည်။ သို့သော် မင်ဒဲလား၏ ဈာပန အခမ်းအနားနှင့် ပတ်သက်သော အသေးစိတ် အစီအစဉ်များကို ဒီဇင်ဘာ ၆ ရက်နေ့ အနှောင်းပိုင်းတွင် ထုတ်ပြန်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ၁၉၉၄ ခုနှစ် တွင် မင်ဒဲလား သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစဉ်က တောင်အာဖရိကသို့ ကမ္ဘာ့ခေါင်းဆောင်များ လာရောက်ခဲ့ပြီး နောက်ပိုင်း ယခုဈာပန အခမ်းအနားသည် တောင်အာဖရိကသို့ ကမ္ဘာ့ခေါင်းဆောင် အများဆုံး လာရောက်မှု ဖြစ်လိမ့်မည် ဖြစ်သည်။
Eleven Media Group
0 comments:
Post a Comment