Thursday, December 5, 2013

ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် တောင်အာဖရိက နိုင်ငံခြားရေးဒုတိယ၀န်ကြီး တိုက်တွန်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲကာလတွင် ရင်ဆိုင်ကြုံတွေ့နေရသော တိုင်းရင်းသားအရေး၊ လူမျိုးရေးပဋိပက္ခများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် တောင်အာဖရိကနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Mr Ebrahim Ismail က ရန်ကုန်မြို့ ပက်ခ်ရွိုင်ရယ်ဟိုတယ်တွင် ဒီဇင်ဘာလ ၄ ရက်က တိုက်တွန်း ပြောဆိုလိုက်သည်။

“အကြမ်းဖက်မှုတွေနဲ့ ပြဿနာကို ဖြေရှင်းလို့မရပါဘူး။ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာလို့ရပါ တယ်”ဟု Mr Ebrahim က မဇျွိမ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံသည် နိုင်ငံရေးအရ လုပ်ဆောင်လိုမှု၊ ခိုင်မာသောခေါင်းဆောင်မှု၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပွင့်လင်းမြင်သာမှု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ တက်ကြွစွာ ပါဝင်မှုများဖြင့် လူ မျိုးရေးပြဿနာများကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း လျှို့ဝှက်ချက်များ မပါဘဲ လုပ်ဆောင်နိုင်ခဲ့ကာ တူညီမှုများကို စုစည်းပြီး မတူညီမှုများကို ဘေးဖယ် ကာ ဆောင်ရွက်နိုင်ခဲ့သည် ဟုလည်း ဒုတိယ၀န်ကြီး Mr Ebrahim က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာတောင်အာဖရိကသံအမတ် Ms.Ruby Marks ကလည်း တောင်အာဖရိကနိုင်ငံမှ ပိုလန် နိုင်ငံ၊ နီပေါနိုင်ငံတို့တွင် ပဋိပက္ခဖြေရှင်းနည်းများ သွားရောက် ဝေမျှပေး ခဲ့ပြီးဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံ သို့လည်း အတွေ့အကြုံများ ဝေမျှပေးလိုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၄ ရက် ည ၆ နာရီတွင် ရန်ကုန်မြို့ရှိ ပတ်ခ်ရွိုင်ရယ်ဟိုတယ်၌ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမို ခိုင်မာရေး တောင်အာဖရိကနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Mr. Eprahin ဦးဆောင်သည့် အဖွဲ့နှင့် မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။

တောင်အာဖရိကနိုင်ငံသည် မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ငန်း၊ အခြေခံအဆောက်အဦးဆိုင်ရာ လုပ်ငန်း၊ စွမ်းအင်လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားလျက်ရှိသည်ဟုလည်း ဒုတိယ ၀န်ကြီး က ပြောကြား ခဲ့သည်။
 Mizzima

0 comments:

Post a Comment