
ဂျပန်အကူအညီဖြင့် Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးတွဲ တည်ဆောက်နေသော မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ထုတ်ပြန် ကြေညာသည်။
အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၁၃ ခုနှစ် မေလက သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဂျပန်အစိုးရ၏ ODA ချေးငွေမှ အကူအညီဖြင့် JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေး အေဂျင်စီ) က တာဝန်ယူ စီမံခန့်ခွဲ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယခုစီမံကိန်းကို (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးတို့တွင် အင်တာနက်သုံးစွဲမှု အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ကျင်းပနေသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နီးချိန်များတွင် အင်တာ နက် မြန်လာမည်ဟု ဆိုသော်လည်း ပိုမို နှေးကွေးလာသဖြင့် ဝေဖန်မှုများ ရှိနေသည်။
“SEA Games နားနီးရင် အင်တာနက် မြန်မယ်သာပြောတာ။ ဒီရက်ပိုင်းမှာ အင်တာနက်က ပိုစုတ်ချာ လာတယ်။ ဒီအတိုင်းဆို မလွယ်ဘူး” ဟု Web Programmer တစ်ဦးဖြစ်သူ ဦးစိုးမိုးက ဆိုသည်။
အဆိုပါ စီမံကိန်းတွင် ရန်ကုန်-မန္တလေး-နေပြည်တော် 30 Gb အမြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်ခြင်း၊ အဆိုပါ မြို့များတွင် 4G LTE ကွန်ရက်နှင့် 10 Gb မိုဘိုင်းလ် အင်တာနက်စနစ် တည်ဆောက်ခြင်း၊ LTE Station ၅၀ ကို မြို့ကြီး သုံးမြို့တွင် တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း ဂျပန်ကုမ္ပဏီများက ကြေညာခဲ့သည်။
အဆိုပါ စီမံကိန်းကြောင့် အင်တာနက် အသုံးပြုသူ တစ်သန်း၊ တယ်လီဖုန်းလိုင်း ၁ ဒသမ ၅ သန်းနှင့် LTE စနစ် သုံးစွဲသူ ၄၀,၀၀၀ ထပ်မံတိုးချဲ့နိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly
0 comments:
Post a Comment