တစ်ပတ်အတွင်း
အမျိုးသမီးသုံးဦး လုယက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး
မြို့တော်မုံရွာမြို့ အဓိက လမ်းမကြီးများတွင် ပိုက်ဆံအိတ် လုယက်သူ များကို
ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၈ နာရီအချိန်က ဒုရဲအုပ် အမျိုးသမီးတစ်ဦးကို
တည်ကြက်အဖြစ် (အရပ်သား အမျိုးသမီးအဖြစ် အသွင်ယူ၍) သုံး၍ မြို့မရဲစခန်း
ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု
ပြောကြားသည်။
ဒီဇင်ဘာလ ပထမပတ်အတွင်းတွင် အမျိုးသမီးများ
ပိုက်ဆံအိတ်များ လုယက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒုရဲအုပ် အမျိုးသမီး
စီးနင်းသည့် ဆိုင်ကယ်ရှေ့ခြင်းအတွင်း ကြိုးဖြင့် ချီထားသည့် အိတ်ကို
ထည့်စေပြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်မှ ဆင်နှစ်ကောင် ဘုရားအကြား
လမ်းကြောင်းအတိုင်း ဆိုင်ကယ်ကို စီးနင်းခဲ့ရာ ညပိုင်း ၈ နာရီ
အချိန်ခန့်တွင် ကန်သာယာ ဘုရားအနီးတွင် လူငယ်နှစ်ဦး စီးလာသည့် ဆိုင်ကယ်က
အိတ်ကို ဆွဲယူခဲ့သည့်အတွက် နောက်မှ အနီးကပ် လိုက်ပါလာသည့် ဒုရဲအုပ်
အမျိုးသားနှင့် ကြိုတင် စောင့်ဆိုင်းနေသော ရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း
ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အရပ်ဝတ်နဲ့
တပ်ဖွဲ့ဝင် ၁၅ ဦးလောက်ထိ စောင့်နေပြီးသားပါ၊ အခင်းဖြစ်တဲ့အချိန်မှာ
လုယက်သူတွေက အိတ်လုပြီး ဆိုင်ကယ်ကို ပြန်ကွေ့ပြေးဖို့ ကြိုးစားတယ်။ အဲဒီမှာ
ဆိုင်ကယ်နောက်က အိတ်လုတဲ့လူကို လှမ်းဆွဲလိုက်တာ ဆိုင်ကယ် မောင်းသူကတော့
ထွက်ပြေးသွားတယ်” ဟု ကိုယ်တိုင် ပါဝင်ဖမ်းဆီးခဲ့သည့် မုံရွာမြို့မစခန်းမှူး
ဦးကျော်ကျော်ညွှန့်က ဆိုသည်။
ဖမ်းဆီးရမိထားသူမှာ အသက် ၁၉
နှစ်အရွယ်ဖြစ်ကာ တံခွန်တိုင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး လုယက်မှုတွင်
ပါဝင်ဆက်နွှယ်သော နောက်ထပ် သုံးဦးကိုလည်း ဖမ်းဆီးရမိခဲ့သည့်အတွက်
စုစုပေါင်းလေးဦး ဖမ်းမိထားကြောင်း ယင်း မြို့နယ်ရဲစခန်းမှ သိရသည်။
မုံရွာမြို့ပေါ် အဓိက လမ်းမပေါ်တွင် နိုဝင်ဘာလ၂၈ ရက်နေ့က အမျိုးသမီး
ဆရာဝန်တစ်ဦး ပထမဆုံးအကြိမ် ပိုက်ဆံအိတ် လုယူခံရပြီး ဒီဇင်ဘာလ ၄ ရက်နေ့ည ၇
နာရီတွင် စာရင်းစစ်ရုံးမှ ပြန်လာသည့် ဝန်ထမ်းအမျိုးသမီး လုယက်ခံရသည့်အပြင်
ဒီဇင်ဘာလ ၅ ရက်နေ့ညပိုင်း ၉ နာရီခန့် ကလည်း စာသင်ပြီး ပြန်လာသည့်
ဆရာမတစ်ဦး ထပ်မံလုယက်ခြင်း ခံခဲ့ရသည်။
ဖမ်းဆီးရမိသည့် တရားခံများကို မုံရွာမြို့မ ရဲစခန်းမှ (ပ) ၆၀၂/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့် အရေးယူထားသည်။
The Voice Weekly
0 comments:
Post a Comment