Saturday, December 7, 2013

ချင်းအမျိုးသား ညီလာခံမှ ဘုံသဘော တူညီချက် ၁၅၁ ချက်ကို ဆက်လက် အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအား တိုက်တွန်းသွားမည်

နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ ချင်းပြည်နယ် ဟားခါးတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ချင်းအမျိုးသား ညီလာခံမှ ချမှတ်ခဲ့သည့် ဘုံသဘောထား တူညီချက် ၁၅၁ ချက်ကို ဆက်လက် အကောင်အထည်ဖော်ရန် အဖွဲ့ဝင် ၄၅ ဦးပါ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ သက်ဆိုင်ရာ အဖွဲ့အစည်းများအား အသိပေးခြင်း၊ တိုက်တွန်းခြင်းနှင့် အကြံပြုခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ ချင်းအမျိုးသား ညီလာခံနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
ချင်းအမျိုးသား ညီလာခံ၏ ဘုံသဘော တူညီချက် ၁၅၁ ချက်ကို အကောင်အထည်ဖော်ရန် ပေါင်း စပ်ညှိနှိုင်းရေး ကော်မတီ တစ်ခုတည်းမှ ဆောင်ရွက်သွားခြင်းမျိုး မဟုတ်ဘဲ ချင်းနိုင်ငံရေး ပါတီများ၊ ချင်းအရပ်ဘက် အဖွဲ့အစည်းများ၊ ချင်းလက်နက်ကိုင်တပ်ဖွဲ့ CNF နှင့် ချင်းဘာသာရေး အဖွဲ့အစည်းများ၊ ညီလာခံသို့ တက်ရောက်ခဲ့သည့် ချင်းလွှတ်တော် ကိုယ်စားလှယ်များ သာမက ချင်းပြည်နယ် အစိုးရတို့နှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဟု ညီလာခံဖြစ်မြောက်ရေး ပူးပေါင်းကော်မတီ ညှိနှိုင်းရေးမှူး ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

''ပထမကတော့ လက်ရှိရှိပြီးသား ချင်းအဖွဲ့အစည်းတွေ အသီးသီးက ဆက်ပြီးတော့ သယ်သွားရမယ့်၊ အကောင်အထည် ဖော်သွားရမယ့် လုပ်ငန်းစဉ် ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတွေကလည်း နိုင်ငံရေး ပါတီတွေ အလျှောက် ချင်းအမျိုးသား တပ်ဦးကလည်း ချင်းအမျိုးသားတပ်ဦး အလိုက်ပြီးတော့ ချင်းအရပ်ဘက် အဖွဲ့အစည်း တွေကလည်း ကိုယ့်ကဏ္ဍအလိုက် သယ်သွားရမယ့် အပိုင်းတွေ ရှိပါတယ်။ ဒုတိယ အပိုင်းကတော့ ဒီကနေ သီးသန့်ကော်မရှင်တွေ ဖွဲ့ပြီးတော့ ဆောင်ရွက်ရမယ့် အပိုင်းဖြစ်တယ်။ လွှတ်တော်ပိုင်းနဲ့ ပတ်သက်တဲ့ ကိစ္စက ချင်းအမျိုးသား ညီလာခံကို ချင်းလွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာ ဖြစ်တဲ့အတွက် သူတို့က ဆက်ပြီးတော့ သယ်သွားမှာ ဖြစ်ပါတယ်'' ဟု ဦးဆလိုင်း အိုက်ဇက်ခင်က ပြောကြားသည်။

ချင်းအမျိုးသား ညီလာခံမှ ရရှိသည့် ဘုံသဘောထား တူညီချက်များကို နောက်ဆက်တွဲ အကောင်အထည်ဖော်ရန် ဒေသအခြေပြု ကိုယ်စားလှယ်များ၊ ချင်းနိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ချင်းလက်နက်ကိုင် အဖွဲ့မှ ကိုယ်စားလှယ်များ၊ ညီလာခံ ဖြစ်မြောက်ရေး ပူးပေါင်းကော်မတီမှ ကိုယ်စားလှယ်များ၊ ညီလာခံ Resource Persons များနှင့် ပညာရှင်များ ပါဝင်သည့် ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီကို အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းကော်မတီ အစည်းအဝေးကို ဇန်န၀ါရီလ အတွင်း၌ ပြုလုပ်ကာ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးသွားမည်ဟု ဦးဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

ချင်းအမျိုးသား ညီလာခံတွင် ရရှိခဲ့သည့် ဘုံသဘော တူချက်များထဲတွင် နိုင်ငံရေး တွေ့ဆုံမှုဆိုင်ရာ မူဘောင် ကိစ္စရပ်များ၊ မြေယာနှင့် သဘာဝ သယံဇာတ ကိစ္စရပ်များ၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘာသာရေးနှင့် ယုံကြည်မှုတို့နှင့် ပတ်သက်ပြီး လွတ်လပ်ခွင့် ဆိုင်ရာများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ အစာရေစာ ဖူလုံရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ ချင်းမျိုးနွယ်စု (၅၃)မျိုးအရေးနှင့် ဆိုင်သည့် ကိစ္စရပ်များ၊ အမျိုးသမီး၊ အမျိုးသား တန်းတူရည်တူရှိရေး ဆိုင်ရာကိစ္စရပ်များ၊ ချင်းလူမျိုး ဒုက္ခသည်များအရေး ကိစ္စရပ်များစသည်တို့ ပါဝင်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment