Tuesday, May 21, 2013
တူရကီဝန်ကြီးချုပ် Recep Tayyip Erdoğan သည် ဆန်ဖရန်စ္စကို ဆီလီ ကွန်တောင်ကြားရှိ နည်းပညာကုမ္ပဏီကြီးများသို့ မေလ ၁၈ ရက်နေ့က အလည်အပတ်သွားရောက်ခဲ့သည်။
သူသည် မိုက်ကရိုဆော့ဖ် ကုမ္ပဏီသို့ ပထမဦးဆုံး သွားရောက်ခဲ့ရာ ကုမ္ပဏီ၏ စီအီးအို Steve Ballmer က ကြိုဆိုခဲ့သည်။ Ballmer မှာ တူရကီ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် Fatih ပရောဂျက်ကို တာဝန်ယူထားရသူဖြစ်သည်။
မိုက်ကရိုဆော့ဖ် ကုမ္ပဏီသို့ရောက်စဉ်တွင် လာမည့်သီတင်းပတ်၌ ကျင်းပမည့် Fatih ပရောဂျက်နှင့်ဆက်စပ်သည့် တင်ဒါရွေးချယ် ပွဲအကြာင်းကိုလည်း ပြောကြားသွားသည်။
“ပရောဂျက် မစတင်ခင် ဒီ ဆီလီကွန်တောင်ကြားကို လာရောက်လည် ပတ်ပြီး သတင်းအချက်အလက်နည်းပညာနယ်ပယ်မှာရှိတဲ့ နောက် ဆုံးပေါ်ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျနော်တို့ ကြည့်ချင်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အစ္စတန်ဘူမှာ ဒီလို ပုံစံမျိုးကိုဖော်ဆောင်ဖို့ ကျနော်တို့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့ရဲ့ ပထမဦးဆုံးရည်ရွယ်ချက်က ပရောဂျက်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တက်ဘလက် ကွန်ပျူတာ ၁၀ သန်းကျော် ထုတ်လုပ်ဖို့ဖြစ်ပါတယ်။” ဟု သူကဆိုသည်။
ထို့နောက်တွင် Erdoğan သည် Apple နှင့် Google ကုမ္ပဏီများသို့ သွားရောက်ခဲ့ပြီး Google မှ ထုတ်လုပ်သည့် အလိုလျောက်မောင်းနှင် နိုင်သည့်ကားအား စမ်းသပ်မောင်းနှင်ခဲ့သည်။
အမေရိကန်တွင် လူသိများသည့် တူရကီနိုင်ငံသား ဆရာဝန် Mehmet Öz ၏ ညီမဖြစ်သူ ဂူးဂဲလ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒါရိုက်တာ Seval Öz က အလိုလျောက်မောင်းနှင်နိုင်သည့်ကား၊ နည်းပညာသုံး မျက်မှန်များနှင့် ပတ်သက်၍ ၀န်ကြီးချုပ် Erdoğan အား အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ Faith ပရောဂျက်၏ အစိတ်အပိုင်း တစ်ခုအဖြစ် စာသင်ကျောင်း
များသို့ ဖြန့်ဝေရန်အတွက် တက်ဘလက် ကွန်ပျူတာ ၁၀ ဒဿမ ၆ သန်းကိုဝယ်ယူရန် တူရကီ ပညာရေးဝန်ကြီးဌာနမှ တင်ဒါခေါ်ယူမှုများကို စတင်နေပြီဖြစ်သည်။ တူရကီ စာသင်ကျောင်းများတွင် အသုံးပြုလျက်ရှိသော သာမန်ကျောက်သင်ပုံးများ၊ ပြဌာန်းစာအုပ်များကို အီလက်ထရစ် ဘုတ်များ တက်ဘလက် ကွန်ပျူတာများဖြင့် အစားထိုးရန် တူရကီအစိုးရက စီစဉ်နေပြီး တူရကီပညာရေးစနစ်ကို ဆန်းသစ်သော သတင်းအချက်အလက် နည်းပညာများဖြင့် အခြေခံကျကျ ပြင်ဆင်ပြောင်းလဲရန်ဖြစ်သည်။
တင်ဒါရွေးချယ်မှုကို လာမည့် မေလ ၂၇ ရက်နေ့သို့ပြောင်းလဲထားပြီး ယခုအချိန်အထိ Apple၊ GM၊ Samsung နှင့် တူရကီကုမ္ပဏီနှစ်ခုဖြစ်သည့် Arçelik နှင့် Vestel တို့က စာရင်းပေးထားကြသည်။

0 comments:
Post a Comment