Thursday, January 12, 2017

အခန်းပေါင်း ၂,၁၀၀ ကျော် ပါဝင်မည့် နေပြည်တော် တန်ဖိုးနည်း အိမ်ရာစီမံကိန်း လာမည့်ဧပြီတွင် စတင်တည်ဆောက်မည်



အစိုးရသစ်လက်ထက် ပထမဆုံးတည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၂၀၁၇ ဧပြီတွင် နေပြည်တော်၌ စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အခန်းပေါင်း ၂,၁၀၀ ကျော် ပါဝင်မည့် နေပြည်တော်တန်ဖိုး နည်းအိမ်ရာစီမံကိန်းကို ၂ နှစ်အတွင်း အပြီးသတ်တည်ဆောက်နိုင်ရန် လျာထားပြီး အငြိမ်းစား အစိုးရ၀န်ထမ်းများအား ဦးစားပေးရောင်းချနိုင်ရန် ရည်ရွယ်ထား ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာ စီမံကိန်းတည်ဆောက်ရန် ၂၀၁၆ ကတည်းက လျာထားခဲ့သော်လည်း မြေနေရာရှာဖွေခြင်း၊ တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် ဆောက်လုပ်မှုကုန်ကျစရိတ်ကို တွက်ချက်နေခြင်းတို့ကြောင့် ယခုနှစ် ဧပြီမှသာ စတင်တည်ဆောက်မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀အောက်ဖြင့် ရောင်းချမည့် ယင်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ မြေဧက ၁၀၀ ကျော်တွင်အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်သည်။
ယခုအိမ်ရာစီမံကိန်းကို အောင်မြင်စွာတည်ဆောက် ရောင်းချနိုင်ပါက တစ်နိုင်ငံလုံးတွင် ယခုအိမ်ရာစီမံကိန်းပုံစံအတိုင်း ရောင်းချနိုင်ရန် ရည်ရွယ်ထားကြောင်း ဦးမင်းထိန်က ပြောသည်။
အစိုးရသစ် လက်ထက်ငါး နှစ်အတွင်း တစ်နိုင်ငံလုံး၌ တန်ဖိုးနည်းအိမ်ရာစီမံကိန်းအဖြစ် အခန်းပေါင်း ၁ ဒသမ ၈ သန်းကို ဖော်ထုတ်တည်ဆောက်ရန် လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment