Friday, January 27, 2017

မြောက်ကိုရီးယားသို့ ပို့ကုန်အဖြစ် တင်ပို့မှုပိတ်ပင်တားမြစ်သည့် ကုန်ပစ္စည်းများစာရင်း တရုတ်နိုင်ငံကြေညာ

Image may contain: 2 people
မြောက်ကိုရီးယားနိုင်ငံသို့ ပို့ကုန်အဖြစ် တင်ပို့မှုပိတ်ပင်တားမြစ်သည့် ကုန်ပစ္စည်းများစာရင်းကို တရုတ်နိုင်ငံ က ထုတ်ပြန်ကြေညာလိုက်ကြောင်း၊ ယင်းစာရင်းတွင် အစုအပြုံလိုက် ဖျက်ဆီးနိုင်သော လက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်မည့် ကုန်ပစ္စည်းများနှင့် နည်းပညာများ ပါဝင်ကြောင်း တရုတ်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


ကုလသမဂ္ဂက မြောက်ကိုရီးယား နိုင်ငံအပေါ်ချမှတ်သော ပိတ်ဆို့မှုများအား လိုက်နာပါမည်ဟူသော တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ပြသနိုင်ရန် အတွက်လည်းကောင်း၊ ၂ဝ၁၆ ခုနှစ် မှာကဲ့သို့ တရုတ်နှစ်သစ်ကူး ကာလအတွင်း မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုပြုလုပ်ခြင်း မပြုရန် သတိပေးလိုသည့်အတွက် လည်းကောင်း ယင်းသို့ ထုတ်ပြန်ကြေ ညာ ခြင်းဖြစ်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက ပြောကြားကြသည်။

အရပ်ဘက်တွင်ရော စစ်ဘက်တွင်ပါ နှစ်မျိုးစလုံး အသုံးပြုနိုင်သည့် နည်းပညာများနှင့် ကုန်ပစ္စည်းများကို တရုတ်နိုင်ငံက တင်ပို့ခြင်းမပြုရန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က ညွှန်ကြားထားသည်။

နျူကလီးယား ဒုံးကျည်များ၊ ဓာတု လက်နက်များ တီထွင်ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော ပစ္စည်းများနှင့် ကိရိယာများကို လည်းကောင်း၊ ရော့ကက် ဒုံးကျည်များ သို့မဟုတ် မောင်းသူမဲ့လေယာဉ်များ၊ မြန်နှုန်းမြင့် ဗီဒီယို ကင်မရာများ၊ ရေငုပ်သင်္ဘောများ၊ အာရုံခံကိရိယာများ၊ ဆက်သွယ်ရေး ကိရိယာများနှင့် လေဆာကိရိယာများနှင့် ဆက်နွှယ်မှုရှိသော ကွန်ပျူ တာ ဆော့ဝဲလ်များကိုလည်းကောင်း မြောက်ကိုရီးယားသို့ တင်ပို့ ခွင့်မရှိစေရဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ အမျိုးသားကာကွယ်ရေးဆိုင်ရာ သိပ္ပံ၊ နည်းပညာနှင့် စက်မှုလုပ်ငန်းရေးရာ နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့၊ တရုတ် အဏုမြူစွမ်းအင် အာဏာပိုင်အဖွဲ့နှင့် ကုန်ပစ္စည်းဝယ်ယူရေး အုပ်ချုပ်မှု အဖွဲ့တို့ကပူးတွဲလျက် ပိတ်ပင်တားမြစ်သည့် ကုန်ပစ္စည်းများ အမျိုးအမည်စာရင်းကို ကြေညာ ထားသည်။
Credit To >>> MOI Webportal Myanmar

0 comments:

Post a Comment