Friday, January 27, 2017

တန်ဖိုးနည်း အိမ်ရာများကို ကျပ်သိန်း ၁၀၀ ၀န်းကျင်ဖြင့် အခြေခံ ပြည်သူများ ၀ယ်ယူနိုင်စွမ်း ရှိစေရေးအတွက် အခန်းအကျယ်အ၀န်း စတုရန်းပေ ၄၀၀ ကို အခြေခံ စံထားပြီး တည်ဆောက်လျက်ရှိ


လက်ရှိ တည်ဆောက်လျက်ရှိသည့် တန်ဖိုးနည်း အိမ်ရာများကို ကျပ်သိန်း ၁၀၀ ၀န်းကျင်ဖြင့် အခြေခံ ပြည်သူများ ၀ယ်ယူနိုင်စွမ်း ရှိစေရေးအတွက် အခန်းအကျယ်အ၀န်း စတုရန်းပေ ၄၀၀ ကို အခြေခံ စံထားကာ တည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

“တိုက်ခန်းတန်ဖိုးကို ကျပ်သိန်း ၁၀၀ ၀န်းကျင် ဖြစ်အောင်တော့ စဉ်းစား အကောင်အထည်ဖော်တာပေါ့။ ကျွန်တော်တို့ လူမျိုးတွေရဲ့ နေထိုင်မှု ဓလေ့အရ ၆၀၀ စတုရန်းပေထားပြီး အထက်ကို လုပ်ခဲ့တာ။ ၆၅၀၊ ၈၀၀၊ ၉၀၀ စသဖြင့် အမျိုးမျိုး တည်ဆောက်ခဲ့ပါတယ်။ ဒီဘက်ပိုင်းမှာတော့ အခြေခံပြည်သူတွေ ၀ယ်ယူနိုင်စွမ်း ရှိအောင်လို့ ကျပ်သိန်း ၁၀၀ ၀န်းကျင်ဖြစ်အောင် လုပ်ဖို့ကျတော့ အခန်းအကျယ်အ၀န်းကို အနည်းငယ် ကျဉ်းလိုက်ရတာပေါ့။ အခုတော့ ၄၀၀ စတုရန်းပေကို အခြေခံ စံထားလိုက်တာပေါ့” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။


ထို့ပြင် လက်ရှိ အကောင်အထည်ဖော်နေသည့် တိုက်ခန်းများတွင် တိုက်ခန်းဈေးများ မြင့်တက်နေခြင်းနှင့် ပတ်သက်ပြီး “တိုက်ခန်းတန်ဖိုး မြင့်မားလာတာက အလုပ်သမားခတွေကလည်း အချိန်အခါနဲ့အညီ တိုးပေးရတာရှိတယ်။ ဆောက်လုပ်ရေး ပစ္စည်းတွေ အဓိကကျတဲ့ သံချောင်း၊ ဘိလပ်မြေ စတာတွေကလည်း နိုင်ငံခြားက တင်သွင်းရတဲ့အခါ ငွေကြေး လဲလှယ်မှုနှုန်းထားအရ ဈေးနှုန်းတွေ မြင့်မားလာတဲ့အတွက် ကျွန်တော်တို့ တိုက်ခန်းတွေရဲ့ အမှန်တကယ် ကုန်ကျစရိတ်က ကျပ်သိန်း ၁၀၀ နားရောက်သွားတာပေါ့။ အိမ်ရာ စီမံကိန်းတစ်ခု ပြည့်စုံဖို့ဆိုရင် External Infrastructure တွေလုပ်ပေးရတယ်။ လမ်းတွေ၊ ရေ၊ မီး ဒါတွေနဲ့ ဆက်စပ်ပြီး ပြည့်စုံအောင် လုပ်ပေးရတဲ့အတွက် တိုက်ခန်းတန်ဖိုး ကျပ်သိန်း ၁၀၀ ရဖို့ဆိုရင် အဘက်ဘက်က စဉ်းစားပြီးမှ ဆောင်ရွက်ရတာ ဖြစ်ပါတယ်” ဟု ဦးမင်းထိန်က ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်နှစ်အတွင်း အိမ်ရာအခန်းပေါင်း ၄၀၀၀ ကို တည်ဆောက် အကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။ ထို့ပြင် ဆောက်လုပ်ရေး ၀န်ကြီးဌာန အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးတွင် လာမယ့် နှစ်နှစ်အတွင်း အိမ်ရာယူနစ်ပေါင်း ၈၀၀၀ ကိုအကောင်အထည်ဖော်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment