Thursday, January 26, 2017

တရားမ၀င် ကုန်စည်များ ဖမ်းဆီးရမိခြင်းမှ ထုခွဲရောင်းချမှု တန်ဖိုးအပေါ်တွင် သတင်းပေးသူများနှင့် ဖမ်းဆီးသူများအား ရာခိုင်နှုန်း ၅၀ အထိ ချီးမြှင့်ရန် စီစဉ်နေ

တရားမ၀င်ကုန်စည်များ ဖမ်းဆီးရမိခြင်းမှ ထုခွဲရောင်းချမှု တန်ဖိုးအပေါ်တွင် သတင်းပေးသူများနှင့် ဖမ်းဆီးသူများအား ရာခိုင်နှုန်း ၅၀ အထိ ချီးမြှင့်ရန် စီစဉ်နေပြီး ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုပြီးပါက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။

ဇန်န၀ါရီ ၂၅ ရက်က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် တရားမ၀င်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အမှာစကားပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ရှမ်းပြည်နယ်တွင် ရေပူစစ်ဆေးရေးဂိတ်နှင့် မွန်ပြည်နယ်တွင် မရမ်းချောင်စစ်ဆေးရေးဂိတ် ဖွင့်လှစ်လိုသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နိုင်ကြောင်း၊ ပုပ်သိုးလွယ်သော ကုန်စည်များ ထိခိုက်ပျက်စီးနိုင်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများလည်း ရှိနိုင်ကြောင်း စသည်ဖြင့် ထောက်ပြပြောကြားမှုများ ရှိကြောင်း၊ ထိုသို့ ထောက်ပြ၊ ဝေဖန်မှုများကိုဖြေရှင်းနိုင်သည့် အစီအစဉ်များ ပြုလုပ်စီမံထားကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးရေးအဖွဲ့ တစ်ခုအစား လိုသလို ဖွဲ့စည်းစစ်ဆေးသွားမည် ဖြစ်ကြောင်း၊ သတင်းစာများ၊ မီဒီယာများမှ နေ့စဉ် သတင်းထုတ်ပြန်ပေးခြင်း၊ CCTV များဖြင့် မှတ်တမ်းတင်ခြင်း၊ Mobile X-Ray စက်များ အသုံးပြုခြင်း၊ ပုပ်သိုးကုန် တင်ဆောင်သည့် ယာဉ်များအား ပစ္စည်းအတင်အချ ပြုလုပ်သည့်နေရာ၌ စစ်ဆေးခြင်း၊ လမ်းကြောင်းတစ်လျှောက် စစ်ဆေးမှုမြပြုဘဲ သတင်းအရ အသေးစိတ် စစ်ဆေးခြင်း၊ လာဘ်ပေးလာဘ်ယူမှုများ မဖြစ်စေရေးအတွက် စစ်ဆေးရေးအဖွဲ့များအား သတ်မှတ်နေရာ၌ စစ်ဆေးစေခြင်း၊ သတင်းမီဒီယာများအား စစ်ဆေးရေးဂိတ်တွင် နေရာယူ စောင့်ကြည့်ခွင့်ပြုခြင်း၊ တရားမ၀င်ကုန်စည်များ ဖမ်းဆီးရမိခြင်းကို နေ့စဉ်သတင်းထုတ်ပြန်ခြင်း၊ ထုခွဲရောင်းချမှု တန်ဖိုးအပေါ်တွင် သတင်းပေးသူများနှင့် ဖမ်းဆီးသူများအား ရာခိုင်နှုန်း ၅၀ အထိ ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့်ရန် စီစဉ်ခြင်း၊ ယင်းလုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုပြီးသည်နှင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျိုက်ထီးရိုး ဘုရားဖူးယာဉ်များအား သတင်းအရ စစ်ဆေးခြင်းမှလွဲ၍ စစ်ဆေးမှုပြုလုပ်မည် မဟုတ်ကြောင်း၊ အခွန်ပေးဆောင်ထားခြင်း မရှိသည့် တရားမ၀င်ကုန်စည်များ ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချနေမှုကိုလည်း အခွန်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူရမည် ဖြစ်ပါကြောင်းနှင့် လိုက်နာမှုမရှိသည့် ကုန်သည်များကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လာဘ်ပေးလာဘ်ယူမှုများတွင် ၀န်ထမ်းများ ပါဝင်ပတ်သက်မှု ရှိပါက ပြင်းထန်စွာ အရေးယူမည် ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်သည့် ဌာနများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် စီမံချက်အောင်မြင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်၊ နိုင်ငံတော်အတွက် အလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းအဖြစ် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment