Monday, December 12, 2016

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများထက် ဌာနဆိုင်ရာများ၏ ဘတ်ဂျက်တောင်းခံမှုများက ပိုများနေကြောင်း တောင်သာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများထက် ဌာနဆိုင်ရာများ၏ ဘတ်ဂျက်တောင်းခံမှုများက ပိုမိုများပြားနေကြောင်း ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး ဒုတိယနေ့တွင် တောင်သာမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝိုင်းချစ်အောင် က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မူလအရအသုံးခန့်မှန်းခြေ လျာထားချက်စာရင်းများနှင့် ပတ်သက်ပြီး  ပြုလုပ်သော မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယမြောက်နေ့တွင် ဦးဝိုင်းချစ်အောင်က အထက်ပါအတိုင်း ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။
“မန္တလေးတိုင်းဒေသကြီးမှာဆိုရင် ရငွေက ကျပ်သန်းပေါင်း ၃၂၁၈၆ သန်း ရပြီးတော့ သုံးငွေက ကျပ်သန်းပေါင်း ၁၁၈၄၀၆ သန်း သုံးထားတာ တွေ့ပါတယ်။ အားလုံးခြုံငုံပြီး ကြည့်မယ်ဆိုရင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေထက် ဌာနဆိုင်ရာတွေရဲ့ဘတ်ဂျက်တောင်းခံမှုတွေ အင်မတန် များပြားနေပါတယ်။ မသုံးရဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး သုံးပါ။ သို့သော် ဌာနဆိုင်ရာတွေကလည်း အတတ်နိုင်ဆုံး လျှော့ချ ခြိုးခြံချွေတာပြီး သုံးပေးပါ။ သာဓကအနေနဲ့ ပြရမယ်ဆိုရင် ဌာနဆိုင်ရာ ၀န်ထမ်းအိမ်ရာတွေ ဆောာက်တာ လိုအပ်ပါတယ်။ သို့သော် အိုးအိမ်ကလည်း ဆောက်ပါတယ်။ အိုးအိမ်ကဆောက်တဲ့ ၀န်ထမ်းအိမ်ရာ အခန်းလွတ်တွေ ရှိပါတယ်။ မိမိဌာနမှာ မဆောက်ဘဲနဲ့ အိုးအိမ်က ဆောက်လုပ်စေပြီး လည်းကောင်း၊ လွတ်နေတဲ့ အခန်းတွေမှာ နေထိုင်မယ်ဆို သုံးနိုင်တဲ့ ငွေပမာဏတွေ လျှော့ချချွေတာနိုင်မှာ ဖြစ်ပါတယ်။ နောက် ပြည်ထောင်စုကနေ သဘာဝပတ်ဝန်းကျင် ပြုန်းတီးနေတဲ့အတွက်၊ သဘာဝဘေးအန္တရာယ်တွေ များပြားနေတဲ့အတွက် ပြန်လည်ပြုပြင်ဖို့  နိုင်ငံတော်ကနေ သစ်တောတွေ စိုက်မယ်ဆိုပြီး တင်ပြထားတာ ရှိပါတယ်။ တိုင်းပြည်အတွက်ရော ဒေသအတွက်ရော ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကိုတောင် သန်း ၇၀၀ ဖြတ်တောက် ခံရပါတယ်။ သုံးသင့်သုံးထိုက်တာတွေ မသုံးဘဲ ဌာနအတွက်ပဲ ပိုပြီး သုံးနေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အများကြီး လုပ်ရကိုင်ရ ခက်ခဲပါလိမ့်မယ်။ အစိုးရကိုလည်း ကိုယ်ချင်းစာပါတယ်။ ဌာနဆိုင်ရာတွေရဲ့ သုံးစွဲမှုနူန်းတွေကို ထိုက်သင့်အားလျော်တဲ့ ပမာဏလျှော့ချပြီးတော့ ပိုလျံလာတဲ့ ငွေကြေးတွေကို အမှန်တကယ် လိုအပ်နေတဲ့ ဒေသဖွံ့ဖြိုးရေးအတွက် သုံးပေးပါ”ဟု ဦးဝိုင်းချစ်အောင်က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့တွင် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ဆည်မြောင်းဌာနအတွက် ၅ ဒသမ ၆ ဘီလျံ၊ ရေအရင်းအမြစ်ဌာနအတွက် ၁ ဒသမ ၄ဘီလျံ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ် သန်း ၆၀၀၊ မိုး/ဇလအတွက် ကျပ်သန်း ၄၀၀၊ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်အတွက် ၅ ဒသမ ၄ ဘီလျံ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက် ၁ ဒသမ ၄ဘီလျံ၊ မီးသတ်ဦးစီးဌာနအတွက် ၃ ဒသမ ၃ ဘီလျံ၊ စိုက်ပျိုးရေးအတွက် ကျပ်သန်း ၁၀၀၊ မွေးမြူရေးနှင့် ကုသရေးဌာနအတွက် ကျပ်သိန်း ၁၀၀၊ သစ်တောဦးစီးဌာနအတွက် ကျပ်သိန်း ၇၀၀၊ အပူပိုင်းစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအတွက် ကျပ်သန်း ၆၀၀၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအတွက် ၁ ဒသမ ၇ ဘီလျံ၊ အား/ကာဦးစီးဌာနအတွက် ၂ဒသမ ၅ ဘီလျံ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအတွက် ၆ ဒသမ ၃ ဘီလျံ၊ စည်ပင်သာယာရေးအဖွဲ့အတွက် ၈၉၃ သန်း၊ မြို့တော် စည်ပင်သာယာရေးကော်မတီအတွက် ၁၁ ဒသမ ၄ ဘီလျံ  စုစုပေါင်း ၄၁ ဘီလျံကျော်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ရှင်းလင်းပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအသီးသီး ရေးဆွဲရမည့် ဘတ်ဂျက်ဘဏ္ဍာရေးမူအရ ရသုံးစာရင်းများကို ပြည်ထောင်စုအစိုးရသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် နောက်ဆုံးထားပို့ပေးရန် အကြောင်းကြားသဖြင့် အချိန်မီပေးပို့နိုင်ရန် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး၏ ဆွေးနွေးတင်ပြမှုများကို မဲခွဲဆုံးဖြတ်မှုများအရ ကျပ်သန်းပေါင်း ၃၈၀၀၀ ကျော် အကုန်ကျခံ ပြင်ဆင်မည့် စဥ့်ကိုင်မြို့နယ် စွန်ရဲကန်စီမံကိန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တည်ဆောက်ရန်နှင့် မော်တော်ယာဉ် ၁၄ စီး ၀ယ်ယူရန် တင်ပြမှုများကို တိုင်းဒေသကြီးလွှတ်တော်က ခွင့်မပြုခဲ့ဘဲ ဖြတ်တောက်ခဲ့သော ဘတ်ဂျက်ငွေများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ မီးလင်းရေးနှင့် သောက်သုံးရေရရှိရေး စသည့်ကဏ္ဍများတွင် ပြောင်းလဲသုံးစွဲရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment