Tuesday, November 29, 2016

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်များအပေါ် တိုင်ကြားထားမှုများအတွက် လေ့လာသုံးသပ်ရေးအဖွဲ့ NLD ပါတီ ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်များအပေါ် တိုင်ကြားထားမှုများအတွက် လေ့လာသုံးသပ်ရေး အဖွဲ့ ဖွဲ့စည်းခြင်းကို ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာချက်တွင် NLD ပါတီ၏ နိုဝင်ဘာ ၂၅ ရက်က ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကိစ္စရပ်များကို လေ့လာ၍ တွေ့ရှိချက်များအား သုံးသပ်တင်ပြနိုင်ရန် လေ့လာသုံးသပ်ရေး အဖွဲ့အားဖွဲ့စည်း တာဝန်ပေးအပ်လိုက်ကြောင်း ပါရှိသည်။


အဆိုပါ လေ့လာသုံးသပ်ရေးအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်များအဖြစ် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြချက်အရ သိရသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ရွေးကောက်ခံပုဂ္ဂိုလ်များက သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်များ အပေါ်တိုင်ကြားမှုများ ရှိနေခြင်းအတွက် လေ့လာသုံးသပ်ရန်ဖြစ်ကြောင်း လေ့လာသုံးသပ်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခံရသည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

“အကြမ်းဖျင်းပြောရရင် ဒေသက ရွေးကောက်ခံပုဂ္ဂိုလ်တွေက သူတို့ရဲ့ လွှတ်တော် ဥက္ကဋ္ဌတို့၊ ဒုဥက္ကဋ္ဌတို့၊ ၀န်ကြီးချုပ်တို့အပေါ်မှာ သူတို့ မမှန်မကန် သူတို့မကျေနပ်လို့ တိုင်ကြားတာတွေရှိတယ်ဗျ။ အဲဒါ ဘယ်လောက်အထိ မှားတယ် မှန်တယ် ကျွန်တော်တို့က လေ့လာဖို့ပါ” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

သို့ရာတွင် စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ရသေးချိန်တွင် သက်ဆိုင်ရာပုဂ္ဂိုလ်များကို ဖိအားပေးသလို ဖြစ်နိုင်သည့်အတွက် လေ့လာသုံးသပ်ရမည့် ကိစ္စရပ် အသေးစိတ်များကို ကြိုတင်မပြောနိုင်သေးကြောင်းလည်း ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ဦးမင်းမင်းဦးဖြစ်ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသည် ဒေါ်တင်အိနှင့် ဒုတိယဥက္ကဋ္ဌသည် ဒေါက်တာ အောင်နိုင်ဦးတို့ ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်သည် ဒေါက်တာလဲ့လဲ့မော်ဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသည် ဦးခင်မောင်အေးနှင့် ဒုတိယဥက္ကဋ္ဌသည် ဦးကြည်စိုးတို့ဖြစ်ကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment