Monday, October 31, 2016

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာအနေဖြင့် နိုဝင်ဘာလကုန်ပိုင်းတွင် လိုင်စင်ရရှိနိုင်ဖွယ်ရှိနေ

စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာအနေဖြင့် နိုဝင်ဘာလကုန်ပိုင်းတွင် လိုင်စင်ရရှိနိုင်ဖွယ် ရှိနေကြောင်း စုံစမ်းသိရှိရသည်။

“လိုင်စင်တင်ပြီးရင် လုပ်ငန်းစဉ်က နှစ်လလောက် ကြာနိုင်တယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနကနေ ပြောထားတာရှိပါတယ်။ စီးပွားရေး ကော်မတီတို့၊ ကက်ဘိနက်အထိ ဆက်လက် တင်ပြရတာတွေရှိပါတယ်။ ဒါကြောင့် အရမ်းကြီး မြန်မြန်ဆန်ဆန် ပြန်ကျလာမှာ မဟုတ်ပါဘူး။ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေမှာ ဖြစ်ပါတယ်” ဟု စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာတွင် ပါဝင်သည့် အများပိုင် ကုမ္ပဏီတစ်ခုမှ ဦးဇော်မင်းဦးက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
“ဆောင်ရွက်နေတုန်းပါပဲ။ ကက်ဘိနက်ကို ဆက်ပြီး တင်ပြရတာတွေ ဘာတွေရှိပါတယ်” ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် ဆက်သွယ်ရေး အော်ပရေတာ သုံးခုအနေဖြင့် 4G အင်တာနက် ၀န်ဆောင်မှုများ စတင်နေသော်လည်း ယင်းမှာ လုပ်ကိုင်ခွင့်ရပြီးသား 900 MHz, 2100 MNz လှိုင်းနှုန်းစဉ်များဖြင့်သာ အကောင်အထည် ဖော်လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
4G အင်တာနက်ကို တွင်ကျယ်စွာ ၀န်ဆောင်မှု ပေးနိုင်ရန်မှာ ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် နောက်ထပ် လှိုင်းနှုန်းစဉ်လိုင်စင်များ လိုအပ်နေပြီး ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ကိုင်ခွင့် ရရှိမည်ဟု ဆက်သွယ်ရေး အော်ပရေတာများက မျှော်လင့်ထားကြောင်း သိရသည်။ 1800 MHz လှိုင်းနှုန်းစဉ်မှာ ဆက်သွယ်ရေး အော်ပရေတာ လေးခုနှင့်သာ သက်ဆိုင်ကြောင်း ပြောကြားထားပြီး လက်ရှိတွင် ဆက်သွယ်ရေး အော်ပရေတာ သုံးခုသာ ရှိနေသောကြောင့် နောက်ဆုံး ဆက်သွယ်ရေး အော်ပရေတာကို စောင့်ဆိုင်းဖွယ် ရှိကြောင်း သိရသည်။
စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာကို ပြည်တွင်း အများပိုင်ကုမ္ပဏီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် Myanmar National Telecom Holding Public Limited ကာကွယ်ရေး ၀န်ကြီးဌာနမှ အဆိုပြု တင်ပြခဲ့သည့် Star High Public Co;Ltd နှင့် ပူးပေါင်းလုပ်ကိုင်မည့် ပြည်ပကုမ္ပဏီဖြစ်သည့် ဗီယက်နမ် အခြေစိုက် Viettel ကုမ္ပဏီတို့ဖြင့် ပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွက် နောက်ဆုံး ဆက်သွယ်ရေး အော်ပရေတာ တစ်ခုအဖြစ် ၀န်ဆောင်မှု ပေးလာမည် ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် Viettel Telecom Corporation ၏ အမှုဆောင် အရာရှိချုပ် မစ္စတာငုယင်မင့်ဟုန်နှင့် အောက်တိုဘာ ၂၇ ရက် နံနက်က ခေတ္တတည်းခိုသည့် ဟိုတယ် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment