Thursday, October 27, 2016

ရှယ်ယာဈေးကျတာကြောင့်ကုမ္ပဏီအတွက် အဓိကမဟာဗျူဟာတစ်ရပ် ရှိမနေဘူးလားလို့Apple စီအီးအို အမေးခံရ

အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple အနေနဲ့ ယခုနှစ် စတုတ္ထသုံးလပတ်အတွက် ယင်းရဲ့ ရည်မှန်းချက်တွေ ပြည့်မီနိုင်ကောင်းပြည့်မီနိုင်ပေမယ့်လည်း ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်တွေအားလုံးမှာတော့ပြည်ပတင်ပို့မှုပိုင်းမှာ လျော့ကျမှုတွေ ရှိနေပါတယ်။
အောက်တိုဘာ ၂၅ ရက်မှာလည်း ကုမ္ပဏီရဲ့ အစုရှယ်ယာတန်ဖိုးတွေ၃ ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွားခဲ့ပါတယ်။
စီအီးအို Tim Cook အနေနဲ့ကတော့ ကုမ္ပဏီရဲ့ တိုးတက်မှုအသစ်တွေ ထပ်ရလာနိုင်ရေး အလားအလာတွေနဲ့ပတ်သက်လို့ အများကိုယုံကြည်အောင်သိမ်းသွင်းပြောဆိုနိုင်ဖို့ ရုန်းကန်နေရပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်က အခမ်းအနားတစ်ခုမှာတော့ Apple စီအီးအို Tim Cook ကုမ္ပဏီအနာဂတ်ထုတ်ကုန်ပိုင်းနဲ့ပတ်သက်ပြီးတော့ အကဲဖြတ်လေ့လာသူတစ်ဦး၏ မေးခွန်းထုတ်ခံလိုက်ရပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ ခုခံဖြေကြားသွားခဲ့ရတယ်လို့ သိရပါတယ်။

အကဲဖြတ်လေ့လာသူက မေးခွန်းထုတ်ခဲ့ရာမှာတော့ Apple အနေနဲ့ ယခုလက်တစ်လောမှာ အဓိကထုတ်ကုန်သစ်တစ်ခုကို ထုတ်လုပ်ထားခြင်းမရှိဘူးလို့ ထောက်ပြသွားခဲ့ပါတယ်။ " နောက် သုံးလေးငါးနှစ်အတွက် Apple မှာ အဓိကမဟာဗျူဟာကြီးတစ်ရပ်များ ရှိနေပါသလား၊ အဲဒီအကြောင်းနဲ့ပတ်သက်လို့ ခင်ဗျားပြောမထားရသေးဘူးဆိုတာကျွန်တော်သိထားပါတယ်၊ အဲဒီလို မဟာဗျူဟာများ ရှိနေပါသလား?" လို့မေးမြန်းသွားခဲ့တာဖြစ်ပါတယ်။

" ကျွန်တော်တို့ဆီမှာ အကောင်းဆုံး ထုတ်ကုန်စာရင်းတွေ ရှိထားပါတယ၊ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့ တကယ့်ကို ယုံကြည်ချက်ထားပါတယ်၊ဒါပေမယ့် အမြဲတမ်းတော့ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ထုတ်ပြောနေမှာတော့မဟုတ်ပါဘူး" လို့ Tim Cook က ဖြေကြားပြောဆိုသွားပါတယ်။

အဆိုပါ ဖြေကြားမှုပုံစံကတော့ အထက်ပါမေးခွန်းမျိုး မေးခံရတိုင်း ကုမ္ပဏီဘက်က ဖြေနေကြပုံစံပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခု Tim Cook ရဲ့ လေသံထဲမှာတော့ မေးခွန်းအမေးခံလိုက်ရတဲ့အပေါ် စိတ်အနှောက်အယှက်ဖြစ်သွားရတဲ့ပုံကိုတော့ ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

အကဲဖြတ်လေ့လာသူကလည်း ကုမ္ပဏီအနေနဲ့ ယင်းရဲ့မဟာဗျူဟာအပေါ် ဆုပ်ကိုင်ထားမှာလား ဒါမှမဟုတ် ဈေးကွက်နဲ့အညီ လိုက်လျောညီထွေပြောင်းလဲမှုတွေလုပ်ဦးမှာလား လို့ ထပ်မေးတဲ့အခါမှာလည်း Tim Cookက ကုမ္ပဏီအနေနဲ့ ဈေးကွက်နဲ့လိုက်လျောညီထွေဖြစ်အောင်လုပ်ကိုင်မှာဖြစ်ကြောင်းနဲ့ ပြောင်းလဲဖို့ တုန့်ဆိုင်းနေမှာမဟုတ်ကြောင်းဖြေကြားသွားခဲ့ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment