Wednesday, August 3, 2016

ထိုင်းရောက် အလုပ်သမားအရေး သတင်းစာရှင်းလင်းပွဲ၊ အေဂျင်စီများနှင့် AAC မဟာမိတ်အဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်

ထိုင်းနိုင်ငံတွင် တရားဝင်အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများ၏ အရေးကိစ္စရပ်များနှင့် ပတ်သက်၍ သြဂုတ်လ ၂ ရက်က ရန်ကုန်မြို့ ယုဇန ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံသို့ အလုပ်သမား တင်ပို့နေသော အလုပ်ရှာဖွေရေး အေဂျင်စီများနှင့် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC)တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲတွင် AAC ဘက်မှ အလုပ်ရှာဖွေရေး အေဂျင်စီများအပေါ် ပြောဆိုမှုနှင့် ပတ်သက်၍ ယင်းပွဲသို့ တက်ရောက်လာသည့် အေဂျင်စီများနှင့် အချင်းများရခြင်း ဖြစ်သည်။

အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများနှင့် မြန်မာသံရုံး အလုပ်သမား ကူညီ စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC)တို့ကြား အချေအတင် ဖြစ်ပွားမှုသည် အေဂျင်စီများဘက်မှ ဖြေရှင်းချက်များကို လက်မခံခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်က အဆိုပါ ရှင်းလင်းပွဲအပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသော ထိုင်း - မြန်မာ နှစ်နိုင်ငံ လုပ်သား ပို့ဆောင်မှုစနစ် (MoU)ဖြင့် လုပ်သားစေလွှတ်မှုများတွင် ထိုင်းအလုပ်ရှင်၊ အလုပ်ရှာ အေဂျင်စီများနှင့် မြန်မာနိုင်ငံရှိ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတို့အကြား အလုပ်သမားများအပေါ် တာဝန်ယူ ဆောင်ရွက်ပေးမှု နည်းပါးလျက်ရှိပြီး (MoU) စနစ်၏ အားနည်းချက်များကြောင့် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံးနေရခြင်း ဖြစ်သည်ဟု  AAC မှ ဒါရိုက်တာ ဦးခိုင်ကြီး၏ ပြောကြားမှုပေါ် အေဂျင်စီများက ရှင်းလင်းပြောဆိုခွင့် မပြုခဲ့ခြင်း ဖြစ်သည်။

''လက်ရှိမှာ MoU စနစ်နဲ့ ထိုင်းကို သွားတဲ့ အလုပ်သမားတွေကို မြန်မာနိုင်ငံက အေဂျင်စီတွေက (ကျပ်) တစ်သိန်းခွဲပဲ ကောက်ခံရမယ်လို့ သတ်မှတ်ထားပေမယ့် လက်ရှိ ထိုင်းမှာ သွားလုပ်တဲ့ မြန်မာတွေဟာ အနည်းဆုံး သုံးသိန်းခွဲကနေ ရှစ်သိန်းကျော်အထိ ကုန်ကျမှသာလျှင် လုပ်ငန်းခွင်ထဲ ဝင်ရပါတယ်''ဟု AAC မှ ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံ အလုပ်သမားများကို တရားဝင် ပို့ဆောင်ရာတွင် လုပ်ငန်း အဆင့်ဆင့်ဖြင့် စိစစ်ကြပ်မတ် ဆောင်ရွက်ရကြောင်းနှင့် ထိုလုပ်ငန်းစဉ်များတွင် အလုပ်သမားများ လုပ်ဆောင်ရမည့် အခန်းကဏ္ဍနှင့် အလုပ်ရှာ အေဂျင်စီများ လုပ်ဆောင်ရမည့် တာဝန်တို့ကို တိကျစွာ သတ်မှတ်ထားကြောင်းနှင့် ယင်းလုပ်ငန်းစဉ်များ ပျက်ကွက်ပါက ပျက်ကွက်သူကသာ တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက အဆိုပါ ရှင်းလင်းပွဲတွင် ပြန်လည် ပြောဆိုခဲ့သည်။

အလုပ်ရှင် အလုပ်သမား ပြဿနာ ဖြစ်လာပါက အေဂျင်စီများနှင့် ထိုင်း လုပ်ငန်းရှင်များအနေနှင့် တာဝန်ယူမှု နည်းပါးကြောင်းနှင့် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ခွင့်ရရန် ပေးဆောင်ရသော ကုန်ကျစရိတ်များမှာ သတ်မှတ်နှုန်းထား တစ်သိန်းခွဲထက် ပိုမို များပြားနေကြောင်း သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်သော အလုပ်သမားများက ဆိုသည်။

အလုပ်အကိုင် ရှာဖွေပေးသော ကုမ္ပဏီများအနေနှင့် MoU စနစ် စတင်သည့် ၂ဝ၁၂ ခုနှစ်မှစ၍ အလုပ်သမား တစ်ဦးလျှင် ဝန်ဆောင်ခ ကျပ်တစ်သိန်းခွဲဖြင့် ပို့ဆောင်ပေးရန် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် အသိပေးထားပြီးဖြစ်ရာ ယင်းစနစ်၏ အားနည်းချက်များ ရှိပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြံပြုချက်များ ပေးပို့ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်က ယင်းရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ ရှင်းလင်းပွဲကို မွန်းတည့် ၁၂ နာရီတွင် ပြုလုပ်ခဲ့ပြီး ယင်းသို့အချင်းများမှုကြောင့် မွန်းလွဲ ၃ နာရီ ၃ဝ မိနစ် ကျော်မှသာလျှင် အဆုံးသတ်ခဲ့သည်။ 
Credit To >>> The Voice Weekly

0 comments:

Post a Comment