Tuesday, March 29, 2016

အစိုးရသစ်နှင့် အမြန်ဆုံး နိုင်ငံရေး ဆွေးနွေးရန် သဘောတူညီကြောင်း ‘၀’ ဒေသ၌ ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ အစည်းအဝေးမှ ထုတ်ပြန်

အစိုးရသစ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိပြီး အစိုးရသစ်နှင့် အမြန်ဆုံး နိုင်ငံရေး ဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့ကြောင်း ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ၏ ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)၌ ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့၏ အစည်းအဝေးက မတ် ၂၈ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မတ် ၂၆ ရက်မှ ၂၈ ရက်ထိ ကျင်းပခဲ့သည့် အဆိုပါ အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် အဖွဲ့များဖြစ်သော UWSP/UWSA၊ ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO/KIA၊ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ SSPP/SSA၊ မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) စသည့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ် ၃၄ ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစည်းအဝေး တက်ရောက်လာသူများက မျက်မှောက် ပြည်တွင်းနိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အချက်အလက်ကောင်းများ ဖန်တီးသွားရန် သဘောတူညီခဲ့ကြောင်း အစည်းအဝေးက ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ပြင် အစည်းအဝေး၌ ရှမ်းပြည်မြောက်ပိုင်းတွင် NCA လက်မှတ်ထိုးပြီးဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်၍ ညှိနှိုင်းခဲ့ကြပြီး နှစ်ဦးနှစ်ဖက် ချက်ချင်း အပစ်အခတ်ရပ်စဲရန် တိုက်တွန်းတောင်းဆိုကြကြောင်း၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းသွားရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကယ်၍ တစ်ဖက်က ပဋိပက္ခဖြစ်အောင် ဆက်လက် ဆောင်ရွက်နေပါက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ပူးပေါင်း၍ တားဆီးကာကွယ် သွားမည်ဖြစ်ကြောင်း သဘောတူခဲ့သည်ဟုလည်း ပန်ဆန်း အစည်းအဝေးက ကြေညာခဲ့သည်။ မြန်မာ့တပ်မတော်မှ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှား တိုက်ခိုက်နေမှုများ ချက်ချင်း ရပ်တန့်ရန်လည်း တောင်းဆိုလိုက်သည်ဟု အဆိုပါ အစည်းအဝေးက ထုတ်ပြန် ကြေညာခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment