Tuesday, January 19, 2016

ရန်ကုန်မြို့ရှိ အင်းစိန် GTI ကို ဘာသာရပ်မျိုးစုံ သင်ကြားနိုင်သော Polytechnic Institute အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပညာရေး ဒုဝန်ကြီး ပြောကြား

အစိုးရ စက်မှုလက်မှု သိပ္ပံ (အင်းစိန်) (အင်းစိန် GTI) ကို ဘာသာရပ်မျိုးစုံ သင်ကြားနိုင်သော Polytechnic Institute အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း ပညာရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြောကြားသည်။

ဇန်န၀ါရီ ၁၈ ရက်က ပြည်သူ့လွှတ်တော်တွင် မိတ္ထီလာ မဲဆန္ဒနယ်မှ ဦးဝင်းထိန်၏ မေးမြန်းမှုအပေါ် ပညာရေးဒုဝန်ကြီးက ဖြေကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Polytechnic Institute အဖြစ် ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံများအနက် ပင်မဆောင် တစ်ခုကိုသာ လွှဲပြောင်းလက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကာ GTI သင်တန်းများ၊ ရုံးလုပ်ငန်း အတတ်ပညာ သင်တန်းများ၊ ဟိုတယ်နှင့် ခရီးဆိုင်ရာ သင်တန်းများ၊ အခြား အသက်မွေးသင်တန်းသစ်များ အစရှိသည့် ပုံမှန်သင်တန်းများအပြင် ကျွမ်းကျင်မှုဆိုင်ရာ စံနှုန်းအဆင့်ဆင့်နှင့်အညီ ကာလတို သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်သွားရန် လျာထားကြောင်း ဒေါက်တာဇော်မင်းအောင်က ပြောကြားသည်။

ထို့ပြင် ပညာရေး ခရီးစဉ်နှစ် ၁၂၀ ပြည့် အခမ်းအနားကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့ပြီး အင်းစိန် GTI အဆောက်အအုံအား ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံအဖြစ် မှတ်တမ်းတင် ထားရှိနိုင်ရေးအတွက် ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ် စာရင်းဝင်အမွေအနှစ် အပြာရောင် ကဗ္ပည်းပြားကို GTI Society အသင်းမှ တပ်ဆင် မှတ်တမ်းတင်ထားရှိပြီးဖြစ်ကြောင်း ပညာရေး ဒုဝန်ကြီး ဒေါက်တာဇော်မင်းအောင်က ပြောကြားသည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) တွင် ၁၈၅၉ ခုနှစ်မှ စတင်၍ အင်ဂျင်နီယာ အတတ်ပညာကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး စက်မှုနှင့် သက်မွေးပညာကဏ္ဍအား ကိုလိုနီခေတ် ဒုတိယကမ္ဘာစစ် ကာလအထိ ယင်းသင်တန်းကျောင်း တစ်ခုတည်းဖြင့်သာ ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ပါလီမန် အစိုးရခေတ်များတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး ၁၉၅၄ ခုနှစ်တွင် စက်မှုလက်မှုသိပ္ပံအဆင့်သို့ ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန လက်အောက်မှ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လွှဲပြောင်းခဲ့ကြောင်း ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဦးဝင်းထိန်က မေးမြန်းစဉ် “ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာဒီ GTI ကျောင်းကို အချုပ်ခန်းအဖြစ် အသုံးပြုခဲ့တာကို ရင်နာစွာ တွေ့ခဲ့ရပါတယ်” ဟု ထည့်သွင်းပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment