Friday, December 11, 2015

ထိုင်းနိုင်ငံ SALES DIRECT CO.,LTD မှ Mr. Sirivat နှင့် တွေ့ဆုံခြင်း


မာတီမီလျံနာ သူဌေးတစ်ဦး အဖြစ်မှသည် စီးပွားရေး လွန်စွာကျဆင်းခဲ့ပြီးနောက် အားမလျှော့ စိတ်မပျက်ဘဲ မိသားစုအတွက် လမ်းပေါ်တွင် Sandwich ရောင်းရင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရာမှ တဖြည်းဖြည်း အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ပြန်ဖြစ်လာသည့် ထိုင်းနိုင်ငံမှ Mr.Sirivat နှင့် တွေ့ဆုံမေးမြန်း ဖြစ်သည်များကို ပြန်လည်တင်ပြလိုက်ပါသည်။

‘တစ်ခုကျရှုံးရင် နောက်တစ်ခုကို ဘယ်လိုအောင်မြင်အောင် လုပ်မလဲဆိုတဲ့ စိတ်ကြောင့်ပါ’
မေး-ဆရာရဲ့ အခုကုမ္ပဏီကနေ ထုတ်တဲ့ စားသောက်ကုန် ပစ္စည်းလေးတွေနဲ့ အရင်မိတ်ဆက်ပေးပါဦး။
ဖြေ-ကျွန်တော်ရဲ့ Sirivat Sandwich ကတော့ အရသာ ခြောက်မျိုးရှိတယ်။ ရောင်းမကုန်တဲ့ Sandwich တွေကို မဆုံးရှုံးစေဖို့ အတွက် Brown Rice Cracker အနေနဲ့ ပြန်ထုတ်ထားတယ်။ ပြီးတော့ Mao Berry Juice လည်းထုတ်တယ်။ ပြီးတော့ ယူကေ၊ စင်ကာပူ၊ မလေးရှား၊ အမေရိကန်စတဲ့ နိုင်ငံတွေကလည်း အစားအစာတွေကို တင်သွင်းပါတယ်။
မေး-ဆရာ့အနေနဲ့ မီလျံနာ တစ်ယောက်ကနေ စီးပွားရေး ကျဆင်းသွားတဲ့ အကြောင်းရင်းလေးကို ပြောပြ ပေးပါဦး။
ဖြေ- ၁၉၉၇ ခုနှစ်မှာအာရှတိုက် တစ်ခုလုံး ငွေကြေးဆိုင်ရာ Crisis ဖြစ်သွားခဲ့တယ်။ အရင်က စတော့ရှယ်ယာတွေ များများကစားဖို့အတွက် ဘဏ်မှာငွေချေးခဲ့တယ်။ ကျွန်တော်က ကွန်ဒိုတွေဝယ်ပြီး ပြန်ရောင်းတဲ့ အလုပ်လုပ်တယ်။ အဲဒီအချိန်မှာ Crisis ဖြစ်သွားတော့ စတော့ရှယ်ယာတွေ ထိုးကျသွားတယ်။ ကွန်ဒိုတွေ ရောင်းမထွက်တော့ဘူး။ဘဏ်ချေးငွေတွေကလည်း အကြွေး တင်သွားပြီး စီးပွားရေး ထိုးကျသွားတာပါ။
မေး-အဲဒီလို ဖြစ်သွားတဲ့အခါမှာ ဘယ်လိုပြန်ပြီး စီးပွားရေးကို အောင်မြင်အောင် ထူထောင်ခဲ့ရသလဲ။
ဖြေ- ကျွန်တော်သူများတွေလို ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ မလုပ်ဘူး။ ကျွန်တော့်မိသားစုအတွက် လမ်းပေါ်မှာ Sandwich လုပ်ရောင်းတယ်။ တစ်ချိန်က Sandwich လုပ်တဲ့နေရာမှာ Captain ဖြစ်ခဲ့တယ်။ နောက်တော့ ရောင်းရင်းနဲ့ အရသာ ကောင်းတာကို လူတွေသိလာခဲ့တယ်။ကျွန်တော့်ရဲ့ ဖော်ရွေမှုနဲ့ ရိုးသားမှု၊ ဘ၀ကို အရှုံးမပေးမှုတွေက စီးပွားရေးကို ဦးမော့လာစေတယ်။
မေး-စီးပွားရေး ကျသွားတဲ့အခါ ဘယ်လိုခံယူချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျအောင် အားယူခဲ့လဲ။
ဖြေ- နံပါတ်တစ်ကတော့ လက်မြှောက် အရှုံးမပေးဘူး။ စီးပွားရေး လုပ်ငန်းရှင်ဖြစ်တဲ့အတွက် ကျရှုံးသွားလည်း မူလနေရာကို ပြန်ရောက်အောင်လုပ်နိုင်တဲ့ စိတ်လည်း ရှိတယ်။ တစ်ခုကျရှုံးရင် နောက်တစ်ခုကို ဘယ်လို အောင်မြင်အောင် လုပ်မလဲဆိုတဲ့ စိတ်ကြောင့်ပါ။ကျွန်တော့်ရဲ့ Motto တစ်ခုက သေသွားတာထက်စာရင် Bankrup ဖြစ်တာက ပိုကောင်းမယ် ဆိုတာပါပဲ။
မေး-စီးပွားရေး ကျပြီးနောက် ဒီလိုအခြေအနေ ပြန်ရောက်လာအောင် ဘယ်နှနှစ်လောက် အချိန်ယူခဲ့ရလဲ။
ဖြေ-ကျွန်တော် ခြောက်နှစ်တိတိ လမ်းပေါ်မှာ Sandwich ရောင်းခဲ့ရတယ်။ ဒီလိုအခြေအနေ ပြန်ရောက်ဖို့ ၁၈ နှစ်လောက် အချိန်ယူခဲ့ရတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့် အသက် ၄၈ နှစ်၊ အခု ၆၆ နှစ်ရှိပြီ။ ၁၉၉၇ ခုနှစ်လောက်ကလောက် အခုမချမ်းသာသေးပေမယ့် ထပ်ပြီး ကြိုးစားသွားမှာပါ။
မေး-စားသောက်ကုန်တွေက ကျန်းမာရေးအတွက်ရော ညီညွတ်မှုရှိလား။
ဖြေ-ကျွန်တော့် စားသောက်ကုန်တွေကို အချိုမှုန့်မပါဘဲ ပြုလုပ်ထားပါတယ်။ ဒါကြောင့် Brown Rice Cracker ကို ခြောက်လနောက်ပိုင်း ကလေးတွေကစပြီး စားလို့ရပါပြီ။ Mao Berry ကလည်း အမျိုးသမီးတွေအတွက် ပိုသင့်လျော်ပါတယ်။ကလေးတွေအတွက်လည်း ကောင်းပါတယ်။ သံဓာတ်ပါတဲ့အတွက် သွေးအားနည်းတဲ့ ရောဂါတွေအတွက် ကောင်းပါတယ်။ အစာခြေစနစ်ကို လည်းအားပေးပါတယ်။
မေး-စားသောက်ကုန်တွေကို မြန်မာပြည်မှာ ဘယ်တော့လောက် စဖြန့်မှာလဲ။
ဖြေ-လာမယ့်ဒီဇင်ဘာမှာ စတင်သွင်းပြီး ဇန်န၀ါရီမှာ စဖြန့်မှာပါ။ Sandwich ဆိုင်တွေကိုလည်း ဖွင့်သွားပါမယ်။ သူကဖွင့်ဖို့တော့ ဆိုင်ခန်းတွေ ရှာရပါဦးမယ်။ Daily ရောင်းရမယ်ဆိုတော့။
မေး-ဆရာ့အနေနဲ့ ဖြည့်စွက် ပြောကြားမယ့် အရာတွေ ရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ-ကျွန်တော့် စားသောက်ကုန်တွေရဲ့ကုန်ကြမ်းတွေကို လယ်သမားတွေဆီကနေ ဈေးကောင်းပေးပြီး ၀ယ်ပါတယ်။ ကိုယ်လည်း အောင်မြင်သလို သူတို့ကိုလည်း အားပေးပါတယ်။ ပြီးတော့ ဘ၀မှာ ကျရှုံးတဲ့သူတွေကို ဘယ်လိုအောင်မြင်အောင် လုပ်မလဲဆိုတဲ့ အရာလေးတွေကို ကျရှုံးနေတဲ့သူတွေအတွက် ပြန်ပြီးအားပေးနိုင်ခဲ့ပါတယ်။    
Credit to >>> Eleven Media Group

0 comments:

Post a Comment