Tuesday, December 8, 2015

အမေရိကန်သို့ မွတ်ဆလင်များ ဝင်ရောက်ခွင့်ကို ပိတ်ပင်သင့်ဟု ထရမ့်ပ်ပြောကြား


အမေရိကန် ပြည်ထောင်စုထဲသို့ မွတ်ဆလင်များ ရွှေ့ပြောင်းဝင်ရောက်မှုကို တားဆီးပိတ်ပင်သွားရန် ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာအတွက် ကြိုးစားနေသည့် ဒေါ်နယ်လ်ထရမ့်ပ်က တိုက်တွန်း ပြောကြားလိုက်သည်။

အမေရိကန်တွင် လက်ရှိသမ္မတ ဘာရတ်အိုဘားမားသည် သက်တမ်းနှစ်နှစ် တာဝန်ယူပြီး ဖြစ်သောကြောင့် ၂၀၁၆ ခုနှစ်တွင် သမ္မတသစ်တစ်ဦး ရွေးကောက် တင်မြှောက်ရမည် ဖြစ်သည်။ ယင်းအတွက် အာဏာရ ဒီမိုကရက်တစ် ပါတီနှင့် အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီတို့တွင် သမ္မတလောင်း နေရာအတွက် အသီးသီးယှဉ်ပြိုင်မဲဆွယ်မှုများရှိနေပြီး ထရမ့်ပ်သည် ရီပတ်ဘလစ်ကန်ဖက်မှ လူကြိုက်များသူတစ်ဦးအဖြစ် ရပ်တည်လျက် ရှိသည်။
မီဒီယာလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြင့် ဘီလီယံနှင့်ချီ ကြွယ်ဝချမ်းသာနေသည့် သူဌေးကြီးသည် ၎င်း၏ မဲဆွယ်မှုလုပ်ငန်းစဉ်များတွင် အငြင်းပွားဖွယ်စကားများဖြင့် လူသိများစေခဲ့သူ ဖြစ်သည်။ ယခင်ကတည်းက အမေရိကန်တွင် ရွှေ့ပြောင်းအခြေချဝင်ရောက်မှုများကို ကန့်သတ်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည့် ထရမ့်ပ်က ကယ်လီဖိုးနီးယား ပစ်ခတ်မှုနှင့် ဆက်စပ်ပြီး မွတ်ဆလင်များကို ပြည်ဝင်ခွင့်ပိတ်ရန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က ကယ်လီဖိုးနီးယားရှိ ဆန်ဘာနာဒီနိုမြို့တွင် အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက်ဝါဒကိုင်စွဲသည့် ဇနီးမောင်နှံနှစ်ဦး၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၁၄ ဦး သေဆုံးခဲ့သည်။
မွတ်ဆလင်များက အမေရိကန်အပေါ်ထားရှိသည့် သဘောထားအမှန်ကို အမေရိကန်အာဏာပိုင်များက ရှင်းရှင်းလင်းလင်း အဖြေမထုတ်နိုင်မီအထိ မွတ်ဆလင်များ ဝင်ရောက်ခွင့်ကို အလုံးစုံပိတ်ပင်ထားသင့်ကြောင်း ၎င်း၏ မဲဆွယ်ကြေညာချက်တွင် ထရမ့်ပ်က ထည့်သွင်းဖော်ပြခဲ့သည်။ ထိုကြေညာချက် ထုတ်ပြန်ပြီး နာရီပိုင်းမျှအကြာ တောင်ပိုင်းကာရိုလိုင်းနားတွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတစ်ရပ်တွင်လည်း ထရမ့်ပ်က ယင်းသဘောထားကို ထပ်မံ အတည်ပြုသွားခဲ့သည်။
ထိုစကားအပေါ် အိမ်ဖြူတော်နှင့် အခြားသော ရီပတ်ဘလစ်ကန်သမ္မတလောင်းများက ချက်ချင်းဝေဖန်ကန့်ကွက်မှုများ ရှိလာသည်။ “မစ္စတာထရမ့်ပ်ရဲ့ စကားဟာ အမေရိကန်ရဲ့တန်ဖိုးဂုဏ်ရည်နဲ့ နိုင်ငံတော် လုံခြုံရေး ရပ်တည်မှုတွေနဲ့ ဆန့်ကျင်နေပါတယ်”ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ထရမ့်ပ်နှင့် ယှဉ်ပြိုင်နေသည့် ဂျက်ဘ်ဘုရှ်ကလည်း နယူးယောက်အခြေစိုက် လုပ်ငန်းရှင်သူဌေးကြီး၏ စိတ်အခြေအနေကို အံ့ဩမိကြောင်း ဆိုသည်။ ထရမ့်ပ်ကမူ 9/11 ဖြစ်ရပ်နောက်ပိုင်း အမေရိကန်မြေတွင် အသေအပျောက်အများဆုံး အကြမ်းဖက် တိုက်ခိုက်မှုကြီးနှင့် ဆက်စပ်၍ ယခုကြေညာချက်ကို ထုတ်ပြန်လာခြင်း ဖြစ်သည်။
ကွန်ဆာဗေးတစ် လူမှုလေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် လုံခြုံရေးမူဝါဒစင်တာက ကောက်ယူထားသည့် သဘောထားစစ်တမ်းတွင် အမေရိကန်၌ နေထိုင်သော မွတ်ဆလင် ၂၅ ရာခိုင်နှုန်းက အမေရိကန်ကို အကြမ်းနည်းဖြင့် တုံ့ပြန် တိုက်ခိုက်ခြင်းသည် မှန်ကန်သင့်တော်သည်ဟု ခံယူထားကြောင်းလည်း ထရမ့်ပ်၏ ကြေညာချက်တွင် ကိုးကား ဖော်ပြထားသည်။
“စစ်တမ်း အချက်အလက်တွေကို မကြည့်ရင်တောင် သူတို့ရဲ့ အမုန်းတရားက ထိန်းချုပ်ကိုင်တွယ်နိုင်တဲ့ အတိုင်းအတာကို ကျော်လွန်နေပြီဆိုတာ သိသာပါတယ်။ ဒီအမုန်းတရား ဘယ်ကလာသလဲ၊ ဘာကြောင့် ဖြစ်လာသလဲ၊ ဒါတွေကို ကျုပ်တို့ ဆန်းစစ်ဖို့ လိုတယ်။ ဒီပြဿနာကို မဆန်းစစ်နိုင်သေးသ၍၊ နားမလည်နိုင်သေးသ၍ အန္တရာယ်များတဲ့ ခြိမ်းခြောက်မှုတွေက ရှိနေဦးမှာပဲ။ ကျုပ်တို့ရဲ့ နိုင်ငံဟာ ဂျီဟတ်ဝါဒ တစ်ခုတည်းကို ယုံကြည်နေပြီး လူ့အသက်တွေကို တန်ဖိုးထား လေးစားရမှန်း နားမလည်တဲ့ သူတွေရဲ့ တုန်လှုပ်ခြောက်ခြားစရာ ရန်လိုတိုက်ခိုက်မှုတွေမှာ သားကောင် အဖြစ်မခံနိုင်ပါဘူး”ဟု ထရမ့်ပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထရမ့်ပ်သည် ယခင်ကလည်း မဲဆွယ်စည်းရုံးမှု မူဝါဒ ကြေညာချက် တစ်ခုတွင် မက္ကဆီကိုနှင့် နယ်နိမိတ်တလျှောက် တံတိုင်းတစ်ခု ကာရံကာ တရားမဝင် ရွှေ့ပြောင်း အခြေချမှုများကို တားဆီးကာကွယ်ရန် လုပ်ဆောင်သင့်ကြောင်း ဖော်ပြခဲ့ရာ ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။
Credit to >>> 7 Day Daily

0 comments:

Post a Comment