Thursday, October 1, 2015

လျှပ်စစ်ကားကုမ္ပဏီ Telsa က အကြမ်းခံ၊ ဇိမ်ခံကားသစ် Model X ကို မိတ်ဆက်ပြသ


လျှပ်စစ်ကားကုမ္ပဏီ Telsa သည် ၎င်းတို့၏ ပထမဆုံး လျှပ်စစ် စွမ်းအင်သုံး အကြမ်းခံ ဇိမ်ခံကားသစ် Model X ကို စက်တင်ဘာ ၂၉ ရက်က မိတ်ဆက် ပြသခဲ့သည်။

“ဘယ်ကားမျိုးမဆို လျှပ်စစ်နဲ့ သွားနိုင်ပါတယ်။ ကျွန်တော်တို့က ဆီဒင် ကားအမျိုးအစားမှာလည်း ဒါကို ပြသခဲ့ပြီးပါပြီ။ အခု ကျွန်တော်တို့က SUV ကားတစ်စီးနဲ့ ဆောင်ရွက်သွားမှာပါ ဟု Telsa ၏ စီအီးအို အသက် ၄၄ နှစ်အရွယ် အီလန်မတ်စ်က ပြောကြားခဲ့သည်။
Telsa သည် လျှပ်စစ်ကား Modes S ကို အောင်မြင်စွာ ထုတ်လုပ် ရောင်းချနေသည့် ကုမ္ပဏီ ဖြစ်သည်။ Model X ကို ဒေါ်လာ ၁၃၀၀၀၀ ဖြင့် ရောင်းချမည် ဖြစ်ပြီး ဒေါ်လာ ၇၀၀၀၀ ကျော်ဖြင့် ရောင်းချနေသော Model S ထက် ဈေးနှစ်ဆနီးပါး မြင့်မားသည်။
Model X လျှပ်စစ်ကားသည် နည်းပညာ ဆန်းသစ်မှုများ အမြောက်အမြား ပါဝင်သည့် ကားဖြစ်သည်။ ကား၏ တံခါးများကို အဝေးမှပင် ထိန်းချုပ် ဖွင့်လှစ်နိုင်ပြီး အနီးတွင် ရပ်ထားသော ကားများနှင့် ထိခိုက်မှုကို ရှောင်ရှား ရန်အတွက် ကားတံခါးကို ခေါက်ဖွင့်နိုင်ရန် အာရုံခံ ကိရိယာများ တပ်ဆင်ထားသည်။
နှစ်ယောက်စီး ဆီဒင် လျှပ်စစ်ကားများကို အောင်မြင်စွာ ထုတ်လုပ်နေသော Telsa သည် ကုမ္ပဏီ၏ ကယ်လီဖိုးနီးယား စက်ရုံအနီး၌ ၎င်းတို့၏ ပထမဆုံး SUV ကားကို မိတ်ဆက်ခဲ့ပြီးနောက် ပထမဆုံး ၀ယ်ယူသူ ခြောက်ဦးအား ကားများ လွှဲပြောင်းပေးခဲ့သည်။
Model X သည် ကားအင်ဂျင်နီယာ နယ်ပယ်၌ အဆင့်အတန်းသစ် တစ်ရပ်ကို  ချမှတ် လိုက်ပြီဖြစ်ကြောင်း၊ သိန်းငှက်တံခါး ဟု အမည်ပေးထားသော ကားနောက်တံခါးသည် အပေါ်ကို ထောင်၍ ဖွင့်နိုင်ကြောင်း၊ ယာဉ်မောင်းတံခါးသည် မောင်းသူအနီး ရောက်ရှိချိန်တွင် အလိုအလျောက် ပိတ်မည် ဖြစ်ကြောင်း မတ်စ်က ပြောကြားခဲ့သည်။
တစ်နာရီ မိုင် ၆၀ နှုန်း အထိကို ၃ ဒသမ ၂ စက္ကန့်ဖြင့် မောင်းနှင်နိုင်သော ယင်းကားသည် တစ်ကြိမ် အားသွင်းထားလျှင် မိုင် ၂၅၀ အထိ မောင်းနှင်နိုင်သော ဘက်ထရီ ပါဝင်ကြောင်း မတ်စ်က ပြောကြားခဲ့သည်။ ယင်းအမြန်နှုန်းသည် ပေါ်ရှေး၏ ထိပ်တန်းကား ဖြစ်သော Cayenne Turbo S ၏ အမြန်နှုန်းထက် ပိုမိုမြင့်မားသည်။ အမေရိကန်တွင် ဒေါ်လာ ၁၅၇၀၀၀ ဖြင့် ရောင်းချနေသော ယင်းကားသည် တစ်နာရီ မိုင် ၆၀ အမြန်နှုန်းကို ရောက်ရှိရန် ၃ ဒသမ ၈ စက္ကန့် ကြာမြင့်သည်။
Telsa သည် ယခုနှစ်တွင် လျှပ်စစ်ကား ၅၀၀၀၀ မှ ၅၅၀၀၀ အထိ ရောင်းချရန် မျှော်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်မတိုင်မီ ကား ၅၀၀၀၀၀ ကျော်အထိ ရောင်းအား မြင့်တက်ရန် ရည်ရွယ်ထားသည်။ ကားရောင်းအား တိုးချဲ့ရန်အတွက် Telsa သည် ပိုမိုသေးငယ်ပြီး ဈေးချိုသော ကားများကို ထုတ်လုပ်ရန် စီစဉ်နေသည်။
Telsa က ထုတ်လုပ်မည့် ဒေါ်လာ ၃၅၀၀၀ တန်ဖိုးရှိသော Model 3 ကားသည် နှစ်နှစ်အတွင်း ဈေးကွက် ၀င်ရောက်လာဖွယ် ရှိသည်။
 
 
Credit To .>>> Eleven Media Group

0 comments:

Post a Comment