Thursday, October 1, 2015

မတ္တရာမြို့နယ် ယက္ကန်းစင်တောင် ဒေသရှိ ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ခွင့် ပြုထားသည့် နေရာများမှအပ လစ်လပ် တောတောင် မြေဧက ၃၀၀၀ ကျော်ကို သဘာဝ ဘေးမဲ့တော တည်ထောင်ခွင့် ရရှိ


မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စကျင် ကျောက်များ ထုတ်ယူရာ ယက္ကန်းစင်တောင် ဒေသတွင် ဧက သုံးထောင်ကျော်ကို သဘာဝ ဘေးမဲ့တော၊ ကြိုးပြင် သစ်တောများနှင့် ဒေသပိုင် အစုအဖွဲ့ သစ်တော တည်ထောင်နိုင်ရန်အတွက် ပဏာမ ညှိနှိုင်း ခွင့်ပြုချက်များ ရရှိပြီ ဖြစ်ကြောင်း သတင်းရသည်။

ယက္ကန်းစင် တောင်တန်းဒေသတွင် ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ခွင့် ပေးခြင်းပေါ် ယက္ကန်းစင်တောင် ဆရာတော်များနှင့် ဂေါစရဂါမ် ဆရာတော်များ၊ ဒေသခံ ပြည်သူများက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ကန့်ကွက် ဆန္ဒပြခြင်း၊ ကန့်ကွက်စာ တင်ခြင်းတို့ ပြုလုပ်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်တွင် မန္တလေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာန၊ မတ္တရာမြို့နယ် သစ်တော ဦးစီးဌာန၊သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ သတ္တုတွင်း ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တို့မှ လာရောက် စစ်ဆေးပြီး သဘာဝ ဘေးမဲ့တော များ တည်ထောင်နိုင်ရေးအတွက် ခွင့်ပြု ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ယင်းဒေသတွင် စကျင်ကျောက် တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသော ၂၇၅ ဧကကျော်၊ ဒယာနန္ဒာ ဖောင်ဒေးရှင်း၏ ဆေးရုံ၊ ဆေးခန်း၊ ဓမ္မစင်တာ၊ လူအိုရုံတို့ တည်ထောင် ထားရှိရာ ဧက ၂၀ ကျော်နှင့် ယက္ကန်းစင် တောင်ခြေတွင် ပုံစံ (၇) လျှောက်ထား လုပ်ကိုင်လျက်ရှိသော တောင်ယာမြေများမှအပ လစ်လပ်လျက်ရှိသော ဧကသုံးထောင်ကျော်ကို ဘေးမဲ့တော တည်ထောင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီဘက်နယ်ထဲက တောင်ကြောတွေထဲမှာ ဧက နှစ်ထောင်ကျော်ရှိတဲ့ ဘိုးတော်တောင်က အကြီးဆုံးပဲ။ ကြိုးပြင် ကာကွယ်တောကိုက ၁၀၆၃ ဧကရှိတယ်။ အဲဒီတောကို အမှီပြုပြီး ယက္ကန်းစင်တော် ဘေးမဲ့တော တည်ထောင်ဖို့ လျှောက်ထားခဲ့ကြတာပါ။ တောင်နှစ်လုံးမှာရှိတဲ့ ဘေးမဲ့တောနှစ်ခု ဆက်မိသွားရင် ဧကလေးထောင် ကျော်သွားမယ်။ ဘေးမဲ့တောအနေနဲ့ ထိန်းသိမ်းလာနိုင်ရင် သစ်တောတွေ ပြန်ဖြစ်လာမယ်။ ရာသီဥတု ကောင်းမွန်လာမယ်။ သာသနိက အဆောက်အအုံတွေမှာ အရိပ်အာဝါသတွေ ကောင်းမွန်လာမယ်။ ဆိတ်၊ နွား၊ ကျွဲလို အိမ်မွေး တိရစ္ဆာန်တွေအတွက်လည်း စားကျက်မြေတွေ ပေါများလာမယ်။ သဘာဝ ဘေးမဲ့တောတွေ ဖြစ်လာတဲ့အခါ သတ္တုတူးဖော်ခွင့်တွေ ပျက်ပြယ်သွားရင် မြေပေါ်၊ မြေအောက်သယံ ဇာတတွေ ရေရည် တည်တံ့အောင် ကာကွယ်ပြီးဖြစ်သွားမယ်” ဟု ယက္ကန်းစင်တောင် ဘေးမဲ့တော အကောင်ထည် ဖော်နိုင်ရေးအတွက် ဆောင်ရွက်နေသူ မန္တလေးတိုင်း EITI အလုပ်အဖွဲ့ဝင် ဦးစိုးဝင်းက ပြောကြားသည်။
ဓာတ်သတ္တု အကြီးစား ထုတ်လုပ်ခွင့် ပေးခြင်းနှင့် စကျင်ကျောက် ထုတ်လုပ်ခြင်းတို့ကြောင့် သစ်ဝါးများနှင့် နွေရာသီ ရွက်ကြွေတော အမျိုးအစား ဖြစ်သည့် ယက္ကန်းစင်တောင်မှာ ထိန်းသိမ်းမှုများ မပြုလုပ်ပါက သဘာဝ ဂေဟစနစ်များ ပျက်စီးကာ ခြောက်သွေ့သော ကြပ်တီးကုန်းတောင် အဖြစ်သို့ ပြောင်းလဲသွားနိုင်သည့်အတွက် မန္တလေး တိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် မတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီး ဆောင်ရွက်သွားမည်ဟု သိရသည်။
 
 
Credit To >>> Eleven Media Group

0 comments:

Post a Comment