တရုတ်သမ္မတ ရှီကျင်ပင်း၏ယောက်ဖသည် တရုတ်နိုင်ငံ အချမ်းသာဆုံးပုဂ္ဂိုလ်
ဝမ်ကျန်လင်၏ လုပ်ငန်းတစ်ခုတွင် ရှယ်ယာ ပိုင်ဆိုင်ဖူးသည်ဟု ၀မ်ကျန်လင်က
အတည်ပြုခဲ့ကြောင်း သိရသည်။ ၀မ်ကျန်လင်၏ ၀မ်တစီးပွားရေးအုပ်စု
တိုးတက်လာခြင်းသည် နိုင်ငံရေး အဆက်အသွယ်များမှ အကူအညီ ရရှိခြင်းနှင့်
ဆက်နွှယ်နေသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် ၀မ်က ယခုကဲ့သို့
အတည်ပြုခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံတွင် ထင်ရှားသောပါတီ ကေဒါများမှစပြီး ရာထူးနိမ့်
အစိုးရ၀န်ထမ်းများပါမကျန် ပါဝင်သော ခြစားမှုတိုက်ဖျက်ရေး အစီအစဉ်ကို
ရှီကျင်ပင်းက ဖော်ဆောင်နေစဉ် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုအစီအစဉ်ကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် အစိုးရအရာရှိ
ထောင်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး အချို့မှာ ထောင်ဒဏ်နှစ်ရှည်
ကျခံခဲ့ရသည်။ ဝေဖန်သူများကမူ ရှီက သူ၏နိုင်ငံရေး ပြိုင်ဘက်များကို
သုတ်သင်ရန် ထိုအစီအစဉ်ကို အသုံးပြုခြင်း ဖြစ်သည်ဟု ဆိုနေကြသည်။
ရှီ၏ယောက်ဖ တင်ကျားကွေး ပိုင်ဆိုင်သော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသည်
၂၀၀၉ ခုနှစ်က ၀မ်တကုန်သွယ်ရေး လုပ်ငန်း၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုမှ
ရှယ်ယာများကို ၀ယ်ယူခဲ့သည်ဟု အောက်တိုဘာ ၂၉ ရက်က ကျင်းပခဲ့သော
ဟားဗတ်စီးပွားရေးကျောင်း ဖိုရမ်တစ်ခုတွင် ၀မ်က ပြောကြားခဲ့သည်။
တင်၏လုပ်ငန်းက ထိုရှယ်ယာများကို လျှော့ဈေးဖြင့် ပြန်ရောင်းချခဲ့ပြီး
နှစ်လအကြာတွင် ၀မ်တ၏ ကုမ္ပဏီသည် ဟောင်ကောင်တွင် ဒေါ်လာဘီလျံပေါင်း
များစွာဖြင့် ရှယ်ယာများကို စတင်ရောင်းချခဲ့သည်ဟု ၀မ်က ပြောကြားခဲ့သည်။
“တင်ဟာ ရင်းနှီးမြှုပ်နှံငွေ အမြောက်အမြား ပြန်ရမယ့် အခွင့်အရေးကို
စွန့်လွှတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် သမ္မတရှီကျင်ပင်းဟာ
တိုင်းပြည်ကို အုပ်ချုပ်ရာမှာ တင်းကျပ်ရုံတင်မကဘဲ မိသားစုရေးရာမှာလည်း
စေ့စပ်သေချာမှု ရှိတယ်ဆိုတာ တွေ့နိုင်ပါတယ်” ဟု ၀မ်က ပြောကြားခဲ့သည်။
နယူးယောက်တိုင်းမ်၏ ဆောင်းပါးတစ်ပုဒ်တွင် ၀မ်တ၏ ကုန်သွယ်ရေးနှင့်
ရုပ်ရှင်ရုံကုမ္ပဏီများတွင် ရှီ၏မိတ်ဆွေနှင့် ဆွေမျိုးများက ဒေါ်လာ
တစ်ဘီလျံထက်မနည်း ရင်းနှီးမြှုပ်နှံထားသည်ဟု စွပ်စွဲရေးသား ခဲ့ပြီးနောက်
ဝမ်က ယခုကဲ့သို့ ပြန်လည်ဖြေရှင်း ခဲ့ခြင်းဖြစ်သည်။ ထိုစွပ်စွဲချက်နှင့်
ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနကမူ တစ်စုံတစ်ရာ
မှတ်ချက်ပေးခြင်း မပြုလုပ်ခဲ့ပေ။
အသက် ၆၁ နှစ်အရွယ် ရှိပြီဖြစ်သည့် ၀မ်သည် ပိုင်ဆိုင်မှုဒေါ်လာ ၃၆ ဒသမ ၂
ဘီလျံဖြင့် ကမ္ဘာပေါ်တွင် ၁၅ ဦးမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦး
ဖြစ်ကြောင်း ဘလွန်းဘာ့ဂ် မဂ္ဂဇင်းတွင် ဖော်ပြခြင်းခံရသူ ဖြစ်သည်။
Credit To >>> Eleven Media Group
Saturday, October 31, 2015
ရှီကျင်ပင်း၏ မိသားစုနှင့် စီးပွားရေး ဆက်နွှယ်မှုများ ရှိခဲ့သည်ဟု တရုတ်အချမ်းသာဆုံးပုဂ္ဂိုလ် ပြောကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment