လာမည့် ၂၀၁၆ ခုနှစ်တွင် အာဆီယံ စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်း (AEC)
အကောင်အထည် ပေါ်လာပါက အရင်းအနှီးများ လွတ်လွတ်လပ်လပ် စီးဆင်းခွင့်နှင့်အတူ
ပြည်တွင်း ဒေါ်လာဈေးကွက်အပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း စီးပွားရေး
ပညာရှင် အချို့က သုံးသပ် ပြောကြားသည်။
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ နှစ်စဉ်ကုန်သွယ်မှု
လိုငွေများမြင့် တက်နေသည့်အတွက် ဒေါ်လာဈေးမှာလည်း မြင့်တက်လာခဲ့သည်။ အလားတူ
အာဆီယံ စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်း အကောင်အထည် ပေါ်လာပါက
ပြည်တွင်းဒေါ်လာ ဈေးကွက်အပေါ်တွင် ကောင်းကျိုး သို့မဟုတ် ဆိုးကျိုးများ
ရှိလာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏
အကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်ကမူ “၂၀၁၅ ဒီဇင်ဘာ ၃၁ နောက်ပိုင်း အေအီးစီ
အကောင်အထည်ပေါ်လာလို့ အရင်းအနှီးတွေ လွတ်လွတ်လပ်လပ် စီးဆင်းတာကို
ခွင့်ပြုလိုက်ရင် ပြည်တွင်းရဲ့ ဒေါ်လာဈေးကွက်ကို သက်ရောက်မှု ရှိလာမှာတော့
အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော့်အထင်တော့ Capital ပိုင်းမှာ အရမ်းကြီးတော့
လွတ်လွတ်လပ်လပ် ပေးမှာမဟုတ်သေးဘူး။ တစ်စုံတစ်ရာ ထိန်းချုပ်ထားဦးမယ်လို့
ထင်ပါတယ်။ တချို့ကိစ္စတွေက ၂၀၁၈ အထိ ဆွဲထားလို့ ရပါသေးတယ်”ဟု ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေး ကျဆင်းနေခြင်းသည် နိုင်ငံတကာ
ကုန်သွယ်ရေးနှင့်လည်း များစွာ မူတည်နေကြောင်း၊ ပြင်ပက
ကုန်ပစ္စည်းတင်သွင်းရာတွင် ရင်းနှီးကုန်စည် ရာခိုင်နှုန်း ၄၀ ကျော်၊
စက်မှုလုပ်ငန်းသုံး ကုန်စည်ရာခိုင်နှုန်း ၃၀ ကျော်နှင့် လူသုံးကုန် ပစ္စည်း
၂၅ရာခိုင်နှုန်းကျော် တင်သွင်းနေကြောင်း သိရှိရသည်။
“ကျွန်တော်ကတော့ ဒေါ်လာတွေအပြင်ကနေ ၀င်လာတာမျိုးကို ကြိုက်တယ်။ အဲဒီတော့
ဒေါ်လာ Supply ပိုများသွားမှာပေါ့။ ကျွန်တော်ကတော့ အကျိုးရှိမယ်လို့
မြင်ပါတယ်” ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ အသုံးချဘောဂဗေဒ ဌာနမှ
အငြိမ်းစားပါမောက္ခဖြစ်သူ ဒေါက်တာမောင်မောင်စိုးက ပြောကြားသည်။
သို့သော် အခြားတစ်ဖက်တွင်မူ ပြည်တွင်းသို့ ဒေါ်လာများ ၀င်ရောက်လာသလို
ပြည်တွင်းမှ ဒေါ်လာများလည်း အပြင်သို့ စီးဆင်းသွားနိုင်သေးကြောင်း
သုံးသပ်မှုများရှိသည်။
လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် ပို့ကုန်ကို များများတင်ပို့ရန်
လုပ်ဆောင်ရမည့် အခြေအနေဖြစ်ကြောင်း၊ အဓိကအားဖြင့် ဆန်၊ ပဲစသည်တို့ကို
များများထုတ်လုပ်ကာ များများတင်ပို့ရန် လိုအပ်နေကြောင်း၊ AEC အကောင်အထည်
ပေါ်လာပါကလည်း Free Flows of Commodity နှင့် ပတ်သက်၍ ပြဿနာများ
ရှိလာနိုင်ကြောင်း၊ ယခုပင် ထိုင်းဆန်များ ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်
လာသည့် ပြဿနာများ ရှိနေကြောင်း၊ စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။
“AEC အကောင်အထည် ပေါ်လာရင် အခွင့်အလမ်းများတဲ့ နိုင်ငံတွေရှိသလို
ထိခိုက်နိုင်တဲ့ နိုင်ငံတွေလည်း ရှိမယ်။ လုပ်နိုင်တာ တစ်ခုကတော့ AEC
ဖြစ်လာရင် ပေါ်ပေါက်လာနိုင်တဲ့ အခက်အခဲတွေကို နည်းနိုင်သမျှ နည်းအောင်
လုပ်ဖို့ပါပဲ။ အေအီးစီ အကောင်အထည်ပေါ်လာရင် Free Flows of Goods
ဆိုတာရှိမယ်။ Service ဆိုတာ ရှိတယ်။Investment ရှိမယ်။ Capital ရှိမယ်။
Skill Labour ရှိမယ်။ ဒါတွေက အပြန်အလှန် တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို
သွားနေမှာပဲ။ အာဆီယံ တစ်ခုလုံးအနေနဲ့ ကြည့်ရင်တော့ ယှဉ်ပြိုင်နိုင်တဲ့
စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်းတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ ဒါတွေ
အကောင်အထည် ဖော်ဖို့အတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ မူဝါဒတွေရှိရမယ်။
နောက်ပြီးရင် စားသုံးသူ အကျိုးစီးပွားကို ကာကွယ်နိုင်ရမယ်။ အခြေခံ
အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်မယ်။ နောက် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် SMEs တွေ SMI တွေ တိုးတက်ဖို့ လိုမယ်။
နောက်အာဆီယံဒေသတွင်း နိုင်ငံများ အချင်းချင်း မညီမျှမှု ကျဉ်းမြောင်းအောင်
လုပ်ဖို့ လိုတယ်။ ဒါမှတခြား ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ Economy နဲ့
ချိတ်ဆက်နိုင်မှာပါ” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က
ပြောကြားသည်။
Credit To >>> Eleven Media Group
Friday, October 9, 2015
လာမည့် ၂၀၁၆ အာဆီယံ စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်း (AEC) အကောင်အထည် ပေါ်လာပါက အရင်းအနှီးများ လွတ်လွတ်လပ်လပ် စီးဆင်းခွင့်နှင့်အတူ ပြည်တွင်း ဒေါ်လာဈေးကွက် အပေါ် သက်ရောက်မှု ရှိလာနိုင်ကြောင်း စီးပွားရေးပညာရှင်များ သုံးသပ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment