Wednesday, September 16, 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အောက်တိုဘာလတွင် ပါဝင်လက်မှတ်ရေးထိုးရန် ကေအိုင်အို အဆင်သင့် မဖြစ်သေး

ဦးအန်ဘမ်လက ကချင်လူထုနှင့် ယခုလ ၁၁ ရက်နေ့တွင် တွေ့ဆုံနေစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)
သမ္မတဦးသိန်းစိန်၏ ကမ်းလှမ်းချက်ကြောင့် လာမည့် အောက်တိုဘာလဆန်းတွင်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးရန် စီစဉ်ထားကြသော်လည်း
ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)အနေဖြင့် ပါဝင်လက်မှတ်ထိုးရန်
အဆင်သင့် မဖြစ်သေးကြောင်း ဒုဥက္ကဋ္ဌ ဦးအန်ဘမ်လက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ ယခုလ ၁၁ ရက်နေ့က ကေအိုင်အို
ခေါင်းဆောင်များနှင့် ရန်ကုန်မြို့နေ ကချင်လူထုတွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ် ရေးထိုးရေးမူအတွက် ဆွေးနွေးမှု
မပြီးပြတ်သေးသည့်အတွက် ထိုသို့ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
"ဘာပဲဖြစ်ဖြစ် ကေအိုင်အိုက အားလုံးပါဝင်ရေးမူကို စွဲကိုင်ထားပါတယ်။ အခုလက်ရှိ ငြိမ်းချမ်းရေး
ဖြစ်စဉ်တွေ၊ အခုဘယ်အဆင့် ရောက်နေပြီဆိုတာကိုလည်း ပြည်သူအကုန်လုံးသိအောင်
လုပ်ရပါဦးမယ်။ အပစ်အခတ်ရပ်စဲရေးက လုပ်တော့လုပ်ရမယ်။ ဒါပေမဲ့ အဆင်သင့်
မဖြစ်သေးဘူး"ဟု ဦးအန်ဘမ်လ က ပြောသည်။
ထို့ပြင် ကေအိုင်အိုအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၇ ဖွဲ့ သို့မဟုတ်
၂၁ ဖွဲ့စလုံးပါဝင်မှသာ လက်မှတ်ထိုးနိုင်မည်ဖြစ်ပြီး သို့မှသာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး
စာချုပ်ဟူ၍ သတ်မှတ်နိုင်မည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက
ပြောကြားသည်။
"နေပြည်တော် ဆွေးနွေးပွဲမှာ အခုချက်ချင်း လက်မှတ်ထိုးချင်တဲ့ သူတွေရှိတယ်။
ကေအိုင်အိုက အဲဒီလူတွေကို အထူး request (တောင်းဆိုမှု) လုပ်ခဲ့တယ်။ ခဏစောင့်ဖို့ပေါ့။
ပြည်သူတွေကိုလည်း အခုအခြေအနေနဲ့ ပတ်သက်ပြီး ရှင်းပြဖို့လိုတယ်။ ကျွန်တော်တို့ ရှင်းပြရမယ့်
အချိန်ကလည်း တစ်လကြာရင်ကြာမယ်။ နှစ်လကြာရင်ကြာမယ်"ဟု ၎င်းက ဆိုသည်။
အစိုးရဘက်က ယခုအကြိမ် နေပြည်တော် ဆွေးနွေးပွဲတွင် အားလုံးပါဝင်ရေးမူကို လက်ခံမည်ဟု
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်က မျှော်လင့်ခဲ့သော်လည်း မဖြစ်လာသည့်အတွက်
စိတ်မကောင်းဖြစ်ရကြောင်း ဒုဥက္ကဋ္ဌ ဦးအန်ဘမ်လက ကချင်လူထုကို ရှင်းလင်းပြောကြားခဲ့သည်။
"ဒီတစ်ခေါက် တကယ့်ထိပ်သီးခေါင်းဆောင်တွေပဲ လာတာဆိုတော့ အစိုးရဘက်က
အားနာပြီးတော့ အားလုံးပါဝင်တဲ့ လက်မှတ်ထိုးမယ်ဆိုပြီး ပြောမလားဆိုပြီး သွားခဲ့တာ၊
အစိုးရဘက်က မပြောခဲ့တဲ့အတွက် စိတ်မကောင်းဘူး"ဟု ၎င်းကဆိုသည်။
အစိုးရဘက်က ရက္ခိုင့်တပ်မတော်ကို ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး
တစ်ဖွဲ့တည်းအဖြစ် လက်မှတ်ရေးထိုးစေလိုပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ကိုမူ
နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးရေးကို ဆောင်ရွက်သွားမည်ဟု နေပြည်တော်ဆွေးနွေးပွဲတွင်
ဆွေးနွေးနိုင်ခဲ့ကြသည်။
ထို့ပြင် ကိုးကန့်အဖွဲ့ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ကိုမူ သမ္မတက
တိုက်ရိုက်ကိုင်တွယ်သွားမည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ၏ အကြီးတန်းအကြံပေး
ဦးလှမောင်ရွှေက ဆွေးနွေးပွဲအပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည်။
"သမ္မတက ဖုန်ကြားရှင်နဲ့ အရမ်းခင်တယ် ပြောတယ်။ ဖုန်ကြားရှင်က လောက်ကိုင်မှာ
နေချင်တယ်ဆိုပြီး သူ့ကိုပြောထားတာရှိတယ်တဲ့။ ဒါပေမဲ့ သူက သေနတ်တော့ယူမလာပါနဲ့တဲ့။
အဲ့ဒါဆို လောက်ကိုင်တင်မဟုတ်ဘူး။ ရန်ကုန်ထိ လာနေလို့ရတယ်လို့ ပြောလိုက်တယ်တဲ့။
အဲ့ဒါကြောင့် အခုထိ အဆင်မပြေကြသေးဘူး" ဟု ဒုဥက္ကဋ္ဌ ဦးအန်ဘမ်လက ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နေပြည်တော်ဆွေးနွေးပွဲမှ ရရှိလာသည့်
ဆွေးနွေးချက်များအပေါ် ဆွေးနွေးပွဲ မတက်ရောက်သည့် အဖွဲ့များကို ရှင်းပြရန်အတွက်
စက်တင်ဘာ ၂၅ ရက်တွင် ထိပ်သီးညီလာခံကို ပြုလုပ်ရန်စီစဉ်ထားကြောင်း ဒေါက်တာ လဂျာက
ပြောကြားခဲ့ပြီး နေရာကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
"ကျွန်တော်တို့အားလုံး ပြန်ဆွေးနွေးကြမှာပါ။ သတ်မှတ်ထားတဲ့ရက်မှာ လက်မှတ်ထိုးဖို့၊ မထိုးဖို့
အဲဒီအစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့အပေါ် မူတည်တယ်"ဟု ၎င်းက ပြောသည်။

Credit To >>> Myanmar Times

0 comments:

Post a Comment