Wednesday, September 16, 2015

အပစ်ရပ်စာချုပ်ကို ဘယ်အဖွဲ့တွေ လက်မှတ်ရေးထိုးကြမလဲ

ယခုလ ၉ ရက်က နေပြည်တော်၌ သမ္မတနှင့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲတွင် သမ္မတက တိုင်းရင်းသားခေါင်းဆောင်တစ်ဦးကို နှုတ်ဆက်နေစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) ကို
အောက်တိုဘာ ပထမပတ်အတွင်း လက်မှတ်ရေးထိုးနိုင်မည်ဟု အစိုးရဘက်က မျှော်လင့်တကြီး
ပြောဆိုနေသော်လည်း စာချုပ်ကို ပေးထားသည့် အမည်နှင့်အညီ တိုင်းရင်းသား
လက်နက်ကိုင်အားလုံး ပါဝင်နိုင်ရေးမှာမူ အလှမ်းဝေးလျက်ရှိသည်။

၁၉ လကြာ အချိန်ယူဆွေးနွေးခဲ့သော ၎င်းစာချုပ်ကို အစိုးရနှင့် တိုင်းရင်းသား
လက်နက်ကိုင်တပ်ဖွဲ့များ ဩဂုတ် ၇ ရက်တွင် အပြီးသတ် သဘောတူညီမှု ရခဲ့သော်လည်း
ပါဝင်လက်မှတ်ရေးထိုးမည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်၍ ယနေ့အချိန်အထိ
သဘောတူညီမှု မရသောကြောင့် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြန့်ကြာနေခြင်းဖြစ်သည်။
စာချုပ်ကို လက်မှတ်ရေးထိုးရာတွင် အစိုးရက ၎င်းတို့ အသိအမှတ်ပြု လက်ခံထားသည့်
ကချင်အမျိုးသားအစည်းအရုံး (ကေအိုင်အို) အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
၁၅ ဖွဲ့ဖြင့်သာ လက်မှတ်ရေးထိုးရန် မူဘောင်ချမှတ်ထားသော်လည်း တိုင်းရင်းသားများက
အားလုံးပါဝင်ရေးမူအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို မချန်ထားလိုဘဲ
လက်မှတ်ရေးထိုးရေးတွင် တစ်ပါတည်း ခေါ်ဆောင်သွားလိုကြသည်။
အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရေးအတွက် တစ်ဆို့နေသည့် အားလုံးပါဝင်ရေးမူနှင့် ပတ်သက်၍
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြားတွင် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း
အဖြေမထွက်လာခဲ့ပေ။
ယင်းမူကို အလျှော့အတင်းပြုလုပ်၍ လက်မှတ်ရေးထိုးမည့်ရက် သတ်မှတ်နိုင်ရန် ယခုလ ၉ ရက်က
နေပြည်တော်၌ သမ္မတနှင့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင် ကိုးဦးတို့ လေးနာရီနီးပါး
တွေ့ဆုံခဲ့သော်လည်း လက်မှတ်ရေးထိုးမည့်ရက်ကို မသတ်မှတ်နိုင်ခဲ့ပေ။
သမ္မတက အောက်တိုဘာ ၂၉ ရက် လက်မှတ်ထိုးရန် အဆိုပြုခဲ့သော်လည်း တိုင်းရင်းသားများက
အောက်တိုဘာ ၁၅ ရက် အတွင်းထိုးရန် မတင်မကျပြောဆိုခဲ့သည်။
တစ်ဖွဲ့ချင်းစီသာ ဆုံးဖြတ်ရမည့် ကိစ္စဟု အစည်းအဝေး တက်ရောက်လာသည့်
ထိပ်သီးခေါင်းဆောင်များက ပြောဆိုလိုက်ပြီးနောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုသည့်
နဂို မူလက အားလုံးပါဝင်ရေးဝေါဟာရသည် တစ်ဖွဲ့ချင်းစီ ထိုးမည့် အပိုင်းလိုက် လက်မှတ်
ရေးထိုးရေးပုံစံ အသွင်ဆောင်လာခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ အားလုံး ပါဝင်ရေးမူကို
လျစ်လျူရှုခြင်း မဟုတ်ဘဲ တိုင်းရင်းသားများဘက်က တောင်းဆိုနေသည့် တအာင်းအမျိုးသား
လွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရက္ခိုင့်လက်နက်ကိုင်အဖွဲ့(AA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ
မဟာမိတ်အဖွဲ့ (MNDAA)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ '၀'အမျိုးသားအဖွဲ့ချုပ် (WNO) နှင့်
လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDA) စသည့် အဖွဲ့ခြောက်ဖွဲ့ကို နိုင်ငံရေး ဆွေးနွေးပွဲတွင်
တက်ရောက်ခွင့်ရစေမည်ဟု အာမခံချက်ပေးခဲ့သည်။
အစိုးရဘက်က ရှင်းပြသည့် ချဉ်းကပ်ပုံအရ နိုင်ငံရေးဆွေးနွေးပွဲများ မစတင်မှီ TNLA နှင့်
နှစ်ဖက်သဘောတူညီမှုရရန် ဆွေးနွေးသွားရန်ဖြစ်ပြီး MNDAA ကိုမူ သမ္မတက တိုက်ရိုက်
ကိုင်တွယ်ဖြေရှင်းမည်ဟု ဆိုသည်။
သို့သော် ဖြေရှင်းမည့် နည်းလမ်းကိုမူ တိတိကျကျပြောဆိုခြင်း မရှိပေ။
AA ကမူ အခြား ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပေါင်းစပ်ကာ နိုင်ငံရေးဆွေးနွေးပွဲ
တက်နိုင်သည်ဟု ဆိုသည်။
အခြားလက်နက်ကိုင် တပ်ဖွဲ့သုံးဖွဲ့မှာမူ အဖွဲ့ငယ်များဖြစ်ပြီး အင်အားအရ နည်းပါးသည့်အတွက်
ညှိနှိုင်းစရာမလိုဘဲ တိုင်းရင်းသားခေါင်းဆောင်များ၏ အဆိုပြုချက်ဖြင့် ပါဝင်ခွင့်ရမည်ဟု ဆိုသည်။
အားလုံးပါဝင်ရေးမူနှင့် ပတ်သက်၍ အစိုးရက ချဉ်းကပ်မှုပုံစံကို နားထောင်ပြီး နောက်ပိုင်း
ထွက်ပေါ်လာသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ တုံ့ပြန်မှုများအရ ၎င်းတို့ကြားတွင်
လက်မှတ်ရေးထိုးရေးအပေါ် သဘောထားကွဲလွဲမှုများကို တွေ့မြင်လာရသည်။
ကေအိုင်အိုဘက်က အားလုံးပါဝင်ရေးမူကိုသာ ဆက်လက်ဆွဲကိုင်လိုပြီး ကရင်အမျိုးသား
အစည်းအရုံး (ကေအင်န်ယူ)ဘက်ကမူ လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲကို
အချိန်ဇယားအတိုင်း ဆက်သွားလိုသည့် သဘောထားရှိနေသည်။
ကေအင်န်ယူဥက္ကဋ္ဌ မူတူးဆေးဖိုးက အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုး၍ နိုင်ငံရေး ပြဿနာများကို
နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာလိုသည်ဟု ဆိုသည်။
အကယ်၍ အားလုံးမပါဝင်ဘဲ လေးငါးဖွဲ့ခန့်နှင့် လက်မှတ်ထိုးမည်ဆိုပါက ကေအင်န်ယူက
ထိုးမလားဆိုသည့် မေးခွန်းအပေါ် "ကျွန်တော်တို့ ကေအင်န်ယူကွန်ဂရက်တိုင်းမှာ ဒီနေ့
တစ်လျှောက်လုံးဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခကို နိုင်ငံရေးအရသာ ဖြေရှင်းမယ်။ နိုင်ငံရေး
စားပွဲခုံပေါ်မှာ ဖြေရှင်းရမှာ ဖြစ်တယ်။ အဲဒီ အခြေခံအပေါ်မှာ NCA စာချုပ်ကို ပြန်ပြီးတော့
လေ့လာပါ။ ကျွန်တော်တို့ ဆက်သွားနိုင်ဖို့ အနှောင့်အယှက် တစ်ခုခုရှိနေလို့လား။ နှစ်ဖက်စလုံးက
အခုထက်ထိ လက်ခံသွားပြီး ဆက်သွားဖို့ဖြစ်တယ်။ ဒါကြောင့် NCA ကို အခြေခံပြီး ရှေ့ကို
ဆက်သွားဖို့အတွက် မူကြမ်းအဆင့်ကနေ မူချောဖြစ်တဲ့အထိ လက်ခံကြပြီလေ။
အကောင်အထည်ဖော်ဖို့က အကောင်အထည် မဖော်ချင်တဲ့ လူနေခဲ့ပေါ့။ အကောင်အထည်
ဖော်ချင်တဲ့သူ ဆက်သွားပေါ့"ဟု ၎င်း၏ သဘောထားကို ပွင့်လင်းစွာ ပြောဆိုခဲ့သည်။
တစ်ဖွဲ့ချင်းစီလက်မှတ်ရေးထိုးရန် ဆုံးဖြတ်မည်ဆိုပါက ကေအင်န်ယူအပါအ၀င် ဒီမိုကရေစီ
အကျိုးပြု ကရင်လက်နက်ကိုင်အဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ရှမ်းပြည်တောင်ပိုင်း
လက်နက်ကိုင်အဖွဲ့၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ချင်း အမျိုးသားကောင်စီ၊
ရခိုင်ပြည် အမျိုးသား ကောင်စီတို့ ပါဝင်လာနိုင်ဖွယ်ရှိသည်။
သို့သော် ကေအိုင်အို၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အပါအ၀င်
ကျန်အဖွဲ့အစည်းများက အားလုံး ပါဝင်ရေးမူကို ဆုပ်ကိုင်ထားရန် တိုက်တွန်းထားကြသည်။
ယခုလ ၁၀ ရက်က ထုတ်ပြန်သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏
ထိပ်သီးခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် အပစ်ရပ်စဲရေး
လက်မှတ်ရေးထိုးမှုတွင် အဓိကကျသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး
ပါဝင်ရေး ဆက်လက်ကြိုးပမ်းမည်ဟု ဖော်ပြထားသည်။
လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းမှုအနေဖြင့် စာချုပ်ဖြစ်မြောက်ရေးဆွေးနွေးမှုတွင် မပါဝင်သည့်
'၀' နှင့် မိုင်းလား အဖွဲ့များကို အစိုးရအဖွဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ခေါင်းဆောင် ၀န်ကြီး
ဦးအောင်မင်းက ယခုလ ၁၂ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ ရှင်းလင်းပြခဲ့သည်။
တွေ့ဆုံမှုအပြီးတွင် စာချုပ်လက်မှတ် ရေးထိုးရေးအတွက် နှစ်ဖက်ဆက်လက်
ပူးပေါင်းဆောင်ရွက်ရန် သဘောတူကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့သော်လည်း
၎င်းတို့ဘက်က ယနေ့အချိန်တွင် လက်မှတ်ရေးထိုးရန် မသေချာသေးဟု မိုင်းလားအဖွဲ့ က
ပြောဆိုလာသည်။
တိုင်းရင်းသားများဘက်က အစိုးရလိုလားသည့် ရက်တွင် လက်မှတ်ရေးထိုးရေးအတွက်
ယတိပြတ် မဆုံးဖြတ်နိုင်သေးသည့်တိုင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကမူ နိုင်ငံရေးပါတီများ၊ နိုင်ငံခြား သံတမန်များနှင့်
အရပ်ဘက် အဖွဲ့အစည်းများကို စာချုပ်ပါ အချက်အလက်များ အကောင်အထည်ဖော်ရာတွင်
ပူးပေါင်းပါဝင်ရန် လိုက်လံရှင်းပြလျှက်ရှိသည်။
ယခုလ ၁၄ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် တက်ရောက်လာသည့် နိုင်ငံရေး
ပါတီများ၏ တိုင်းရင်းသား ခေါင်းဆောင်များက အားလုံးပါဝင်ရေးအတွက် မဖြစ်မနေ ကြိုးစားပေးရန်
ဝန်ကြီး ဦးအောင်မင်းကို တိုက်တွန်းခဲ့သည်။
"တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဝေါဟာရနဲ့ ကိုက်ညီအောင် အားလုံးပါဝင်နိုင်ရေးအတွက်
မဖြစ်ဖြစ်အောင် လက်တွဲခေါ်ပေးဖို့ တောင်းဆိုပါတယ်"ဟု တအာင်းအမျိုးသားပါတီမှ
ဦးနွေနန်းမိုးက ဆွေးနွေးခဲ့သည်။
ဦးအောင်မင်းကမူ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးရန် အစိုးရဘက်က
ချမှတ်ထားသည့် မူဝါဒကို ထပ်မံရှင်းပြခဲ့ပြီး အောက်တိုဘာလဆန်းတွင်
လက်မှတ်ရေးထိုးနိုင်မည်ဟု အတိအကျ ပြောဆိုခဲ့သည်။
လက်မှတ်ရေးထိုးပွဲ ရက်သတ်မှတ်နိုင်ရေးအတွက် ယခုလ ၂၀ ရက်တွင် တိုင်းရင်းသား
လက်နက်ကိုင် ၁၅ ဖွဲ့ကို ထပ်မံတွေ့ဆုံညှိနှိုင်းမည်ဟု ၎င်းကဆိုသည်။
သို့သော် လက်မှတ်ရေးထိုးပွဲတွင် အစိုးရဘက်ကမူ အနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်း ကိုးဖွဲ့နှင့် လက်မှတ် ရေးထိုးနိုင်ရန် ရည်မှန်းထားသော်လည်း လက်တွေ့တွင်
မည်မျှ ပါဝင်လက်မှတ်ရေးထိုးမည်ဆိုသည်မှာမူ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။

Credit To >>> Myanmar Times

0 comments:

Post a Comment