Thursday, September 3, 2015

မြစ်ဆုံစီမံကိန်းအတွင်းရှိ ဒေသများတွင် အကြီးစား ရွှေတူးဖော်မှုများ ပြုလုပ်ဟုဆို

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော မြစ်ဆုံစီမံကိန်း ဧရိယာအတွင်းရှိ ဒေသများနှင့် မြေနေရာများတွင် အကြီးစား ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဒေသတွင် ဇွန်လမှ၍ ရွှေစက်များဖြင့် ရွှေများတူးဖော်နေပြီး ယခင် ပြောင်းရွှေ့ခံဒေသများကို ယင်းမြေဧရိယာ အတွင်း ဝင်ရောက်သွားလာခွင့် မပြုကြောင်း ယခင်ဒေါင်ပန်ဒေသမှ ပြောင်းရွှေ့ခဲ့သော ဒေသခံ ဦးမုံရာက ပြောကြားသည်။
“ကျွန်တော်တို့ရွာသားတွေက ကျွဲသွားဖမ်းမယ် ဆိုတောင် သွားခွင့်မပေးဘူး။ ရွှေလုပ်တဲ့ လူတွေကတော့ ဆိုင်ကယ်နဲ့ သွားနေတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
မော်တော်စက်ဆိုင်းများ ရှစ်ဆိုင်းခန့်ဖြင့် တူးဖော် လုပ်ကိုင်နေခြင်းဖြစ်ပြီး မြစ်ကြီးနားနှင့် ဗန်းမော်မြို့နယ် အတွင်းရှိ ဒေသအသီးသီးမှ လူများ ပါဝင်ကြောင်း၊ ယင်းသို့ တူးဖော်နေမှုကို မည်သူက ခွင့်ပြုထားသည်ကို မသိရှိကြောင်း မြစ်ဆုံဒေသခံ အောင်မြင်သာရွာသား တစ်ဦးက ပြောကြားသည်။
ကချင်ပြည်နယ် အစိုးရက တရားမဝင် ရွှေတူးသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေသောကိစ္စများနှင့် ပတ်သက်၍ လိုအပ်သလို အမြဲတမ်းအရေးယူခြင်း၊ ဖမ်းဆီးခြင်း၊ ပညာပေးခြင်းများ လုပ်ဆောင် လျက်ရှိကြောင်း၊ တရားမဝင် ရွှေတူးဖော်မှုကို အစိုးရအနေနှင့် အရေးယူဆောင် ရွက်နေသော်လည်း တရားမဝင်ရွှေတူး ဖော်မှုများရှိနေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် ညဘက်များတွင် ခိုးတူးဖော်ခြင်းများ ရှိ၍ ပြည်သူများ ပူးပေါင်းပါဝင်မှသာ အမြန်ဆုံး အရေးယူ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောဆိုသည်။
“ရွှေတူးတာက တရားဝင်တော့ မဟုတ်ဘူး ထင်တယ်။ ကျွန်မလည်း သေချာမသိဘူး။ သူတို့ပြောတဲ့အချိန်မှာ အဲဒီကိစ္စမပါဘူး” ဟု မြစ်ဆုံစီမံကိန်းကို CPI နှင့် ဆက်စပ်ညှိနှိုင်းသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဆိုသည်။
အဆိုပါရွှေတူးဖော်မှုကို အောင်မြင်သာ၊ တန်ဖရဲနှင့် မလိယန်ကျေးရွာရှိ တာဝန်ရှိသူများ ကလည်း အရေးယူပေးမှု တစ်စုံတစ်ရာမရှိကြောင်း ဒေသခံများက ပြောကြားသည်။
“ဒါတွေက အစိုးရကိစ္စဖြစ်တယ်။ ဒီမြေတွေက ဒေသခံတွေပိုင်တဲ့ နေရာတွေ စီမံကိန်းရပ်သွားရင် ဒေသခံတွေပြန်နေရမှာ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ ကန့်ကွက်တယ်” ဟု ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ဆိုသည်။

Credit To >>> The Voice News

0 comments:

Post a Comment