Tuesday, August 25, 2015

အပစ်အခတ်ရပ်စဲရေး လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှသာ ဖြစ်မည်


 လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်သော အပစ်အခတ် ရပ်စဲရေးမှာ လာမည့်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှသာ ဖြစ်မြောက်လာနိုင်မည်ဟု KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
      တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် အဆင်သင့် ဖြစ်နေခဲ့သော်လည်း ကျန်လက်နက်ကိုင် အဖွဲ့အစည်းများ၏ အငြင်းပွား နေမှုများကြောင့် အပြီးသတ် စာချုပ် ချုပ်ဆိုရန် ကြန့်ကြာနေမှု အပေါ် ဖဒိုမန်းငြိမ်းမောင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

      ““ကျွန်တော်တို့ KNU ကတော့ လက်မှတ်ရေးထိုးဖို့ အဆင်သင့် အနေအထားမှာ ရှိနေပါပြီ။ သမ္မတကြီး ကိုယ်တိုင်က တိုင်းရင်းသား အဖွဲ့စည်းတွေ အကုန်လုံးကိုလည်း လက်မှတ်ရေးထိုးကြဖို့ ဖိတ်ခေါ်ထားတယ်ဗျာ။ အဲဒါကို ဘယ်သူတွေ မပါလို့ ဘာဖြစ်လို့ဆိုတဲ့ အချက်တွေနဲ့ ငြင်းဆန်နေကြတယ်။ ကျွန်တော် ပြောချင်ပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးပါတဲ့ စာချုပ်ဆိုတာက လာမယ့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကျမှပဲ ဖြစ်နိုင်မှာပါလို့”ဟု ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

      သြဂုတ်လ (၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့တို့တွင် ကျင်းပခဲ့သော KNU ဗဟို အမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးတွင် ဗဟိုကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ လက်မှတ် ရေးထိုးသွားရန် အဆင်သင့် ဖြစ်နေခဲ့ပြီး၊ ထိုနေ့တွင် NCA လက်မှတ်အား အကြောင်း အမျိုးမျိုးကြောင့် မရေးထိုးနိုင်သည့် သူများအတွက် အာမခံချက်တစ်ခု ရရှိစေရန် ၀န်းရံကြိုးပမ်း ပေးသွားမည်ဟု သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

      “တိုင်းရင်းသားတွေ ဆိုတာက တစ်ယောက်တစ်မျိုးဗျာ၊ ဘယ်လို လာဖြစ်နိုင်မှာလဲ။ အခုက အဲဒီလို မဟုတ်ဘဲ ရန်ဖြစ်နေကြတာလေ။ အဲဒီတော့ ကျွန်တော်တို့ အမြင်ကတော့ ဘယ်လိုမှ ဖြစ်လာစရာ အကြောင်းကို မရှိတော့ပါဘူး”ဟု ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

      ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးပွဲတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အားလုံးပါ ၀င်နိုင်သော နိုင်ငံရေးတွေ့ဆုံမှုများ၊ အခြားတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံ ရေးပါတီများ၊ နိုင် ငံရေးအင်အားစုများ၊ လူမှု အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပါဝင်ခဲ့သည်။

      ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) တို့၏ ကိုးကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးမှ ရရှိသည့် ရလဒ်များအား သဘောတူ လက်ခံကြောင်း KNU က ပြောကြားသည်။

Credit To >>> Messenger News

0 comments:

Post a Comment