သြဂုတ် ၁၂ ရက်ညပိုင်းက အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားမှုနှင့်စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုနိုင်ငံရေး သြဇာရှိသူများက ဝေဖန်ခဲ့ပြီး အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မီကာလများအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် နုနယ်သေးကြောင်း ဖော်ပြလျက်ရှိသည်ဟု ထောက်ပြပြောကြားခဲ့ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ဆီးနိတ်လွှတ်တော် လူများစုခေါင်းဆောင်တို့က သြဂုတ် ၁၂ ရက် ညပိုင်းက ပါတီဥက္ကဋ္ဌ ဦးရွှေမန်းကို ဖယ်ရှားခဲ့သည့် အာဏာလွန်ဆွဲပွဲသည် မြန်မာနိုင်ငံကို တပ်မတော်အစိုးရ တိုက်ရိုက်အုပ်ချုပ်စဉ် ဆယ်စုနှစ်များကို ပြန်လည်အမှတ်ရစေကြောင်း သြဂုတ် ၁၄ ရက်က ပြောကြားသည်။
မြန်မာနိုင်ငံအကြောင်း အဓိကပြောဆိုလေ့ရှိသည့် Republican ဆီးနိတ်လွှတ်တော်ကိုယ်စားလှယ် မစ်ခ်ျမက်ကော်နယ်လ်က မြန်မာနိုင်ငံ၏ လက်ရှိ ဦးတည်ချက်အပေါ် စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောကြားသည်။
“(ဦးရွှေမန်းကို ဖယ်ရှားခဲ့တဲ့) ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးနေသူတွေကို အရှိန်တန့်သွားစေပါတယ်။ ပါတီအရာရှိတစ်ဦးကို တာဝန်က ဖယ်ရှားတဲ့နေရာမှာ လုံခြုံရေးအင်အားတွေ ပါဝင်တယ်ဆိုတာဟာ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာဖြစ်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ပေါ့”ဟု ၎င်း၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Katina Adams က “မြန်မာအစိုးရအနေနဲ့ သူတို့ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေအပေါ် ပြည်သူရဲ့ ယုံကြည်မှုတိုးမြင့်လာအောင် လုပ်ရမှာပါ။ လျော့နည်းလာအောင် မဟုတ်ပါဘူး”ဟု ပြောကြားသည်။
အလားတူ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က “အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းမှာ ခေါင်းဆောင်ပိုင်း ပြောင်းလဲမှု ဖြစ်တာကို UN အနေနဲ့ သတိထားမိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ အရေးကြီးတဲ့ ကာလတစ်ခုကို ရောက်ရှိနေပြီး ရွေးကောက်ပွဲကလည်း နီးကပ်နေပါပြီ။ ဒါကြောင့် ဒီလုပ်ရပ်တွေကို ဒီမိုကရက်တစ် မူဘောင်ကို ပိုမိုခိုင်မာစေပြီး တရားဥပဒေနဲ့ အညီ လုပ်ဆောင်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လေးစားလိုက်နာမယ်လို့ မျှော်လင့်ပါတယ်”ဟု သြဂုတ် ၁၄ ရက်က ပြောကြားသည်။
ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နိုင်ငံရေးပါတီအားလုံး အနေဖြင့် နိုဝင်ဘာလတွင် လွတ်လပ်တရားမျှတပြီး ယုံကြည်ရသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် အားစိုက် လုပ်ဆောင်သင့်ကြောင်း ပြန်လည် တိုက်တွန်းခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သူရဦးရွှေမန်းသည်၂၀၁၀ ရွေးကောက်ပွဲတွင် ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်နှင့် အလှည့်ကျ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။
သူရဦးရွှေမန်းသည် လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးအဖြစ်ပင် ရှိနေသေးပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ဖြူးမြို့နယ် မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက် ဆောင်ရွက်သွားပါမည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ပြည်သူလူထုထံသို့ သြဂုတ် ၁၄ ရက်တွင် ပြောကြားသည်။
နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် သြဂုတ် ၁၃ ရက်က ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း အပါအ၀င် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့အား ပါတီထိပ်ပိုင်းရာထူးများမှ ဖယ်ရှားခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင်များကို လည်း ပြန်လည်ဖွဲ့စည်းခဲ့သည်။
ပြန်လည်ဖွဲ့စည်းခဲ့သော ကော်မတီအသစ်တွင် ဦးသိန်းစိန် ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတ၊ ဦးဌေးဦး ဒုတိယဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ ပူးတွဲတာဝန်၊ ဦးတင်ထွတ်၊ ဦးစိုးသာ၊ ဗဟိုအတိုင်ပင်ခံ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးခင်အောင်မြင့် ဗဟိုအတိုင်ပင်ခံ၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌနှင့် သူရဦးအေးမြင့်၊ ဒုတိယဥက္ကဋ္ဌ၊ ဗဟိုအကြံပေးများအဖြစ် ဦးသောင်း၊ ဦးလွန်းသီ၊ ဒေါက်တာချမ်းငြိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဒေါက်တာကျော်မြင့်၊ ဒေါက်တာမြဦးတို့ဖြစ်ပြီး ဦးတင်နိုင်သိန်း၊ အထွေထွေအတွင်းရေးမှူး၊ ဦးသက်နိုင်ဝင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး တို့ဖြစ်ကြောင်း သိရသည်။
Credit To >>> Eleven Media Group
Monday, August 17, 2015
သူရဦးရွှေမန်းအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားမှုနှင့် စပ်လျဉ်း၍ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကော်နယ်လ်နှင့် ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဝေဖန်ပြောကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment