Monday, July 20, 2015

မြောင်းမြတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်မှုဖြင့် နတ်စင်တစ်ရာဆရာတော်၏ စတုဒိသာအလှူပွဲကျင်းပစဉ် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အား အပုပ်ချသည့် စာရွက်နှင့် အခွေများ မြို့မရဲစခန်းရှေ့၌ လိုက်လံဝေငှမှု ဖြစ်ပွား

 
မြောင်းမြမြို့တွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ရွှေသာလျောင်းဘုရားဝင်းအတွင်း ပြုလုပ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ အားကစားဝန်ကြီး ဦးတင့်ဆန်း၊ လ၀က၀န်ကြီး ဦးခင်ရီ၊ ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုနှင့် မြို့နယ်ခရိုင်အဆင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကာ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးအပြည့်ပေးထားသည့် နတ်စင်တစ်ရာ ကျောင်းတိုက်ဆရာတော်၏ စတုဒိသာအလှူပွဲတွင် NLD ပါတီနှင့် ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား ဘာသာရေးအရ အထင်အမြင်လွဲမှားစေနိုင်သော အပုပ်ချ တိုက်ခိုက်မှုများပါဝင်သည့် စာရွက်များနှင့် အခွေများအား ပြည်သူများထံ ဖြန့်ဝေမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
အလှူပွဲပြုလုပ်သည့် ရွှေသာလျောင်းဘုရားဝင်းအ၀င်ဝနှင့် ဘုရားအရှေ့လမ်းမထက်တွင် လူငယ်တစ်စုမှ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) တံဆိပ်ပါသော အမျိုးဘာသာသာသနာချစ်သူ ရဟန်းရှင်လူပြည်သူများသို့ ခေါင်းစဉ်ပါရှိသည့် စာရွက်များအား လိုက်လံဝေငှခဲ့ပြီး၊ အတွင်းစာသားတွင် ဘာသာရေးလူမျိုးရေးနှင့် ပတ်သက်၍ အထင်အမြင်လွဲမှားစေရန် အချက်များစွာကို ဖော်ပြထားပြီး “ပြည်သူလူထုအများစုမှာ အမျိုးသားရေး ဘင်္ဂါလီ ရိုဟင်ဂျာအရေး မတွေးတောတော့ဘဲ ထိုပါတီကြီး၏ ခေါင်းဆောင်က ဗိုလ်ချုပ်သမီးဖြစ်သည်ဟူသော အချက်တစ်ခုတည်းဖြင့် မျက်စိမှိတ်ပြီး ထောက်ခံရွေးချယ်လိုက်မည်ဆိုပါက တိုင်းပြည်နှင့် ဘာသာ သာသနာတော်တွင် မမျှော်လင့်နိုင်သော ဘေးရန်အန္တရာယ်များ ကျရောက်လာနိုင်ပါသည်”၊ “ပါတီဆိုင်းဘုတ်များတွင် သားအဖနှစ်ယောက်ပုံကို အတူတွဲတင်ထားသော်လည်း ပြည်သူလူထုက ခွဲခြား၍ ကြည့်မြင်ကြရန်၊ ဗိုလ်ချုပ်က ၀ံသာနုရက္ခိတတရားကို မြတ်နိုး၍ အစပျိုးပေးခဲ့သူဖြစ်ပြီး၊ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထိုဝံသာနုရက္ခိတတရားကို လက်မခံဘဲ ငြင်းဆန်သူဖြစ်ကြောင်း ခွဲခြားသိရှိထားကြရန်”  စသည့်အချက်များ ပါဝင်သည့် ဘာသာရေးအရ မမှန်မကန် အပုပ်ချတိုက်ခိုက်မှုများ ပါဝင်သည့် စာရွက်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
 
“ဒီစာရွက်က ကျွန်တော်တို့ ပါတီကနေ ဖြန့်ဝေတာမဟုတ်ပါဘူး။ ဒီအလှူက ဆရာတော်ကြီးရဲ့အလှူပါ”ဟု ပြည်ခိုင်ဖြိုးပါတီ မှ မြောင်းမြမြို့နယ် မြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင် ဦးလှမြင့်ထူးက ပြောကြားသည်။
 
ယင်းကဲ့သို့ စာရွက်များ ဖြန့်ဝေခဲ့ခြင်းနှင့် ပတ်သက်၍ နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော်နှင့် မြောင်းမြမြို့နယ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းရာတွင် လက်ရှိဖြစ်စဉ်အပေါ် မသိရှိကြောင်း ပြောကြားသည်။
 
မြောင်းမြအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူဖြစ်သူ ဒေါ်ခိုင်သဇင်က “အလှူပွဲမှာ စာရွက်တင်မကဘူး၊ တရားပွဲ ဗီစီဒီအခွေတွေ ဝေတာကို သိရပါတယ်။ အဲဒီ ဗီစီဒီအခွေတွေကို လေ့လာကြည့်တဲ့အခါ အခွေထဲမှာ ဘာသာရေးအမုန်းပွားမှုဖြစ်စေဖို့  NLD နဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ထားတာတွေ တွေ့ရတယ်။ အခုလို ပြည်ခိုင်ဖြိုးပါတီကနေ အဆင့်မြင့်တာဝန်ရှိသူတွေ တက်ရောက်ပွဲမှာ ဒီလိုမျိုးလေုပ်ဆောင်မှုတွေ လုပ်တာဟာ မကောင်းပါဘူး။ အလှူပွဲဆိုတာ ကောင်းမွန်ပေမယ့် အခုလိုမျိုး ရှိလာခဲ့တာ မကောင်းဘူး။ ရွေးကောက်ပွဲနီးလာချိန်မှာ ပါတီတွေဟာ တရားမျှတစွာပဲ ယှဉ်ပြိုင်စေချ ပါတယ်။ ဒါမျိုး ဆက်လက်မဖြစ်ပွားအောင်လည်း ရွေးကောက်ပွဲကော်မရှင်နဲ့ တာဝန်ရှိသူများက စောင့်ကြည့် တားမြစ်သင့်ပါတယ်”ဟု ပြောကြားသည်။    
 
အဆိုပါ မြောင်းမြခရိုင်သည် ယခင်ရဲချုပ်ဟောင်း လက်ရှိပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။    

0 comments:

Post a Comment