Monday, July 20, 2015

ဝန်ကြီးဌာနများမှ ရေနံ၊ သဘာဝဓာတ်ငွေ့အစရှိသည့် သဘာဝသယံဇာတများ၏ ရငွေသုံးငွေစာရင်းဇယားများ တောင်းခံရာတွင် အချက်အလက်များရရှိရန် အခက်အခဲများရှိနေပြီး EITI ဖော်ဆောင်ရေးနှင့် ပတ်သက်၍ အစီရင်ခံစာကောင်း ထွက်လာရန်ပင် စိုးရိမ်စရာ ဖြစ်နေ

EITI (တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့) ၏ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် လုပ်ဆောင်ရာတွင် အဓိကတင်ပြရန် လိုအပ်သည့် အစီရင်ခံစာ အတွက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု အစရှိသည့် သဘာဝသယံဇာတများ၏
ရငွေသုံးငွေစာရင်းများ တောင်းခံရာတွင် အခက်အခဲများ ရှိနေသဖြင့် အစိုးရ၏ EITI ဖော်ဆောင်ရေးနှင့် ပတ်သက်၍ ကောင်းမွန်ပြည့်စုံသည့် အစီရင်ခံစာကောင်း ထွက်လာရန်ပင် စိုးရိမ်စရာ အခြေအနေ ဖြစ်လာနေကြောင်း EITI တွင် ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက်အဖွဲ့ အစည်းများက ပြောကြားသည်။
ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု အစရှိသည့် သဘာဝသယံဇာတများ၏ ရငွေသုံးငွေစာရင်းများကို တောင်းခံရာတွင် လက်ရှိတည်ဆဲ ဥပဒေအချို့အရ လျှို့ဝှက်ထားရမည် ဆိုသည့် အချက်များနှင့် ငြိစွန်းနေသဖြင့် ၀န်ကြီးဌာနများ အနေနှင့် အဆိုပါ ကဏ္ဍများ၏ ရငွေသုံးငွေများကို EITI အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြရန် ရှေ့နေချုပ်ရုံးသို့ တင်ပြရမှုများ ရှိနေသည်။
“EITI ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် အားမရပါဘူး။ အစီရင်ခံစာတောင် ကောင်းကောင်း ထွက်နိုင်ပါ့မလားလို့ ကျွန်တော်တို့မှာ စိုးရိမ်စရာရှိတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ သိရှိခွင့်ဥပဒေဆိုတာ မရှိပါဘူး။ အဲဒီတော့ အချက်အလက်တွေတောင်းလည်း နေ့ရွှေ့ ညရွှေ့ ဟိုရွှေ့ဒီရွှေ့နဲ့ပဲ ကျွန်တော်တို့ ခံနေရတယ်။ နောက်တစ်ခုက ပွင့်လင်းမြင်သာမှုဆိုရာမှာ EITI နယ်ပယ်တစ်ခုတည်း ပွင့်လင်းမြင်သာလို့ မရဘူး။ အခွန်တွေ ဘယ်လောက်ရတယ်။ အစိုးရကို ဘယ်လောက်ပေးတယ် ဆိုတာနဲ့တင် မရဘူးဗျ။ EITI ဆိုတာက သဘာဝသယံဇာတတွေရဲ့ အကျိုးအမြတ်တွေကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ခံစားနိုင်ဖို့ဆိုပြီး ဦးသိန်းစိန်ကိုယ်တိုင် ပြောခဲ့တာ။ အဲဒီတော့ အခွန်ဘယ်လောက်ရတယ်။ ဘယ်လောက်ပေးတယ် ဆိုတာနဲ့တော့ EITI မအောင်မြင်နိုင်ဘူး။ တစ်နိုင်ငံလုံးအနေနဲ့ နေရာအသီးသီးမှာ ပွင့်လင်းမြင်သာမှုနဲ့ သတင်းအချက်အလက် လွတ်လပ်စွာ ရယူနိုင်ခွင့်တွေရှိမှသာ EITI လုပ်ငန်းစဉ် အောင်မြင်နိုင်သလို တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့ တိုင်းပြည်တစ်ခုလုံးရဲ့ ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးလာမယ်” ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးထွန်းမြင့်အောင်က ဆိုသည်။
EITI အစီရင်ခံစာတွင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုအစရှိသည့် ကဏ္ဍများကို ထည့်သွင်းဖော်ပြသွားမည်ဟု အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားထားသော်လည်း လက်ရှိအချိန်တွင် ယခုကောက်ယူနေသော အစိုးရ၀န်ကြီးဌာန၏ အခွန်ဆိုင်ရာ စာရင်းအချက်အလက်ပေါ် မူတည်၍ မည်သည့်ကဏ္ဍ ထည့်သွင်းမည်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း မြန်မာ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးက ပြောကြားထားသည်။ ထိုသို့ဝန်ကြီးဌာနများ၏ အကောင်အထည် ဖော်ဆောင်ရာတွင် ပူးပေါင်းပါဝင်မှု နည်းပါးနေခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့အနေနှင့် အရေးယူဆောင်ရွက်မှုများ၊ စောင့်ကြည့်လေ့လာမှုများ ရှိနေသင့်ကြောင်း ဦးထွန်းမြင့်အောင်က ဆက်လက် ပြောကြားသည်။
“သမ္မတကလည်း ပြောစကား အနေနဲ့ပဲ ပြောထားတယ်။ ဒါတွေကို အကောင်အထည်ဖော် ဆောင်ရွက်လာအောင် အစိုးရအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ စောင့်ကြည့်မှုတွေ ရှိနေသင့်တယ်။ အဲ့ဒီလို မရှိနေသမျှ ဘယ်လိုပဲအထက်က ပြောထား ပြောထား အောက်ခြေမှာတော့ ပြုပြင်ပြောင်းလဲမှု ရှိလာမှာ မဟုတ်ဘူး။ ဒါကိုလည်း အောက်ခြေကိုပဲ အပြစ်ပြောလို့မရဘူး။ နောက်ဌာန ဆိုင်ရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုပေါ့။ အစိုးရ၀န်ထမ်းတွေ၊ ဌာနဆိုင်ရာတွေ အကြားမှာလည်း EITI လုပ်ငန်းစဉ်တွေ အပေါ်မှာ တကယ်ကို သက်ဝင်ယုံကြည်မှု အားနည်းနေတာကိုလည်း ကျွန်တော်တို့ တွေ့နေရတယ်” ဟု ဦးထွန်းမြင့်အောင်က ဆက်လက်ပြောကြားသည်။
EITI အစီရင်ခံစာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုကဏ္ဍတို့ကို ဦးစားပေးထည့်သွင်းနိုင်ရန် ရွေးချယ်ထားကာ အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာသည့် မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလတွင် အပြီးသတ်ရေးဆွဲ ရမည်ဖြစ်ပြီး EITI Secretarait ရုံးသို့ တင်သွင်းရမည်ဖြစ်သည်။ ထိုသို့ တင်သွင်းရန် ယခုနှစ်ကုန်တွင် အစီရင်ခံစာမူကြမ်း ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့သဘာဝသယံဇာတမှ ရရှိသည့် ၀င်ငွေကို မှန်ကန်စွာ တိုက်ဆိုင်စစ်ဆေးနိုင်ရန် လန်ဒန်အခြေစိုက် Moore Stephen အဖွဲ့ကို ရွေးချယ်ထားပြီး အဆိုပါ အဖွဲ့နှင့် ဆွေးနွေးမှုများအရ အစီရင်ခံစာ ရေးသားရန်မှာ အဆင်ပြေသည့် အခြေအနေရှိနေကြောင်း အရပ်ဘက် အဖွဲ့အစည်းဖြစ်ပြီး ညွှန့်ပေါင်းအဖွဲ့ဝင်ဖြစ်သည့် စိမ်းလန်းအမိမြေမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောကြားသည်။
အဆိုပါ အစီရင်ခံစာတွင် အချက်အလက် လွဲမှားမှုများ ရှိနေနိုင်သော်လည်း ရေနံ၊ သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏာန်းများ အဆင်ပြေနိုင်ပြီး သတ္တုကဏ္ဍကဲ့သို့ ကျောက်စိမ်း တူးသော်လည်း အခြားသတ္တုများပါ ထွက်ရှိသည့် ကဏ္ဍအတွက်မူ အခက်အခဲ ရှိလာနိုင်ကြောင်း ဦးဝင်းမျိုးသူက ဆက်လက်သုံးသပ်သည်။
“အချို့ဟာတွေက ဥပဒေတွေနဲ့ ငြိစွန်းနေတော့ အချို့ဟာတွေမှာ ကင်းလွတ်ခွင့်ရဖို့ကြတော့ ရှေ့နေချုပ်ရုံးမှာ တောင်းဖို့လိုတာပေါ့။ လျှို့ဝှက်ထားရမယ်ဆိုတဲ့ အချက်တွေနဲ့ EITI က ပွင့်လင်းမြင်သာစွာ ချပြရမယ်ဆိုတော့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတာပေါ့။ ဒီ့ပြင်နိုင်ငံတွေမှာလည်း ဖြစ်ခဲ့တာပါပဲ။ ဒါကို win-win right နဲ့ အဆင်ပြေအောင် ကျော်လွန်နိုင်အောင် လုပ်နေရတဲ့ အခြေအနေပါ။ ရေရှည်မှာတော့ ဥပဒေတွေပြင်ဖို့ လိုတာပေါ့။ ကျွန်တော်နဲ့ Moore Stephen အဖွဲ့နဲ့ တွေ့တော့ သူပြောတာက မြန်မာပြည်မှာရှိတဲ့ စာရင်းဇယား အချက်အလက်တွေနဲ့ လုံလောက်တယ်လို့ ပြောပါတယ်။ အစိုးရပိုင်း အနေနဲ့လည်း ပြင်ဆင်ထားပြီး ဖြစ်ဟန်ရှိပါတယ်။ တချို့အချက်အလက်လေးတွေ ဘောင်ဝင်အောင် လုပ်နေတာပေါ့။ မှန်တယ်မှားတယ်ဆိုတဲ့ နေရာမှာ မှန်တာကတော့ ပိုကောင်းတာပေါ့။ တချို့အချက် အလက်လေးတွေ လွဲတယ်ဆိုတာ ပြဖို့လိုတာပေါ့။ စစ်ဆေးတဲ့ အချိန်မှာ အားလုံးအတိအကျ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ ဒါက ပထမဆုံး စလုပ်တာပဲလေ။ အင်္ဂလန်၊ အမေရိကန်တောင်မှ ဒီလိုမျိုးတွေ ဖြစ်ခဲ့တာပဲ။ ဆိုတော့ မှတ်ချက်တွေတော့ ထိမှာပေါ့လေ” ဟု ဦးဝင်းမျိုးသူက ထပ်ဆင့် သုံးသပ်သည်။ 
Credit to >>> Eleven Media Group           

0 comments:

Post a Comment