Wednesday, July 8, 2015

တပ်မတော်နှင့် DKBA တိုက်ပွဲရပ်တန့်ရေး ဆွေးနွေးပွဲ အဖြေမထွက်

 ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တို့၏ နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရေးအတွက် ဇူလိုင်လ ၇ ရက်နေ့တွင် အစိုးရနှင့် DKBA တို့ ဆွေးနွေးကြသော်လည်း တိကျသောအဖြေ မထွက်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ DKBA ထိပ်ပိုင်းအရာရှိတစ်ဦးက ဆိုသည်။


ကရင်ပြည်နယ်အတွင်း တပ်မတော်နှင့် DKBA တို့ နှစ်ဖက်ထိတွေ့မှုများ ထပ်မံ ဖြစ်ပွားနေသောကြောင့် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် များနှင့် DKBA အပါအ၀င် KNU ၊ KNU/KNLA-PC ထိပ်ပိုင်းခေါင်းဆောင်များ ဘားအံမြို့ရှိ ကရင်ပြည်နယ် အစိုးရရုံး၌ ပြုလုပ်သည့် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂ ရက် နေ့မှ စတင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA နှစ်ဖက်တိုက်ပွဲများမှာ အောက်ခြေတပ်များ နားလည်မှုမှားယွင်းပြီး ထိတွေ့ခြင်း ဖြစ်သောကြောင့် တိုက်ပွဲများ ရပ်တန့်ရေးအတွက် ဆွေးနွေးသော်လည်း အဖြေ မထွက်ကြောင်း ၎င်းကဆိုသည်။

“တပ်က တစ်ယောက်ပါတယ်၊ ဒါပေမဲ့ သူ့ကိုယ်သူ ဘယ်သူဆိုတာ မိတ်ဆက်တာပဲရှိတယ်။ ရပ်မယ်မရပ်ဘူး ဘာမှမပြောဘူး။ ဆွေးနွေးတာလည်း မရှိဘူး၊ တိုက်ပွဲတွေ ရပ်မယ်မရပ်ဘူး ကတော့ ကျွန်တော်လည်း မှတ်ချက် မပေးနိုင်ဘူး” ဟု ၎င်းကဆိုသည်။

ထို့အပြင် တိုက်ပွဲများလျှော့ချရေး အတွက် ထပ်မံတွေ့ဆုံမည့် နေ့ရက်ကိုလည်း သတ်မှတ်နိုင်ခြင်း မရှိကြောင်း DKBA ထံမှသိရသည်။

ယင်းသို့ ဆွေးနွေးနေချိန်တွင်ပင် ကော့ကရိတ် မြို့နယ်အတွင်း တပ်မတော်နှင့် DKBA တို့ ပစ်ခတ်မှုများရှိပြီး ကော့ကရိတ် မြို့အထွက် ကောင်းမှုဂိတ်၊ ယာကုတ်စခန်း၊ အာရှလမ်းမကြီးပေါ်ရှိ ရေတံခွန်နေရာ၊ အောက်ဗိုလ်တဲစခန်း၊ တောင်သုံးလုံးစခန်း၊ တောင်ပြစခန်းနှင့် မဲသဝေါစခန်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း DKBA ထံမှသိရသည်။

ယင်းတိုက်ပွဲများအတွင်း မည်သည့်ဘက်မှ ပစ်ခတ်မှန်းမသိသော လက်နက်ကြီး ကျရောက်မှုကြောင့် ကော့ကရိတ်မြို့နယ် ကော့ကရိတ်မြို့ ချောင်းတောင်အရပ် အထက်တန်းကျောင်းခွဲမှ သူငယ်တန်း စာသင်ဆောင်ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
Credit to>>>The Voice

0 comments:

Post a Comment