ဖားကန့်ဒေသတွင် ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်းနှစ်သောင်းကျော်တန်ဖိုးဖမ်းမိမှုတွင် လာဘ်ပေးခဲ့သည့် မှတ်စုများသိမ်းဆည်းမိပြီး နှစ်လအတွင်း ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် လာဘ်ပေးထားကြောင်း ဖော်ပြထားဟု ဒေသခံများက The Daily Eleven သတင်းစာသို့ ဆက်သွယ်ပြောကြားသည်။
အဆိုပါ လာဘ်ပေးလာဘ်ယူပြုလုပ်ထားသည့် စာရင်းရှိနေသည့် ဒေသခံတစ်ဦးက "စာရင်းကတော့ လုံးခင်းမှာ ဇူလိုင် ၁ ရက်က ကျပ်သိန်းပေါင်းနှစ်သောင်းကျော်ဖမ်းမိတဲ့အိမ်ကို ၀င်ဖမ်းကြတုန်းတွေ့တာပါ။ ဖမ်းတုန်းကလည်း မူးယစ်တရားခံတွေကပေးပြီးမှ ရောင်းတာဆိုပြီးပြောသေးတယ်။ စာရင်းထဲမှာက လွန်ခဲ့တဲ့နှစ်လလောက်ကပေးရတာတွေ ရက်စွဲနဲ့ပါတာပါ။ ကျပ်သိန်းပေါင်း ၆၀၀၀ ကျော်ပါတယ်။ မှတ်ထားတဲ့ဖော်ပြချက်အရ ဌာနလည်းစုံတယ်။ တချို့ဌာနတွေဆို သိန်းရာချီတာတောင်ပါနေတယ်။ တရားမ၀င်မူးယစ်ဆေးဝါးတွေဟာ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ကြီးမားကျယ်ပြန့်နေတယ်လို့ယူဆတယ်။ ထိရောက်တဲ့အရေးယူမှုလည်း လုပ်သင့်တယ်" ဟုပြောကြားသည်။
ကျပ်သိန်းပေါင်းနှစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးမှုဖြစ်စဉ်တွင် ဖားကန့်မြို့ အခြေစိုက် လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဦးဆောင်ပါဝင်ခဲ့ပြီး ယင်းအဖွဲ့ကိုဦးဆောင်သူများက လာဘ်ပေးလာဘ်ယူကိစ္စများကို မှတ်သားထားသည့်မှတ်စုများကို သိမ်းဆည်းရမိသည်ကိုသိရကြောင်း၊ မိမိတို့မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုသာ အဓိကလုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သောကြောင့် တခြားသောကိစ္စရပ်များကို ၀င်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း၊ မှောင်ခိုရောင်းဝယ်မှုကိစ္စများတွင် လာဘ်ပေးလာဘ်ယူကိစ္စမှာ နယ်ဒေသများတွင် များစွာဖြစ်ပေါ်နေကြောင်း ပြောကြားသည်။
မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုတွင် လာဘ်ပေးလာဘ်ယူကိစ္စများ မှတ်သားထားသောစာရင်းများ တွေ့ရှိမှုနှင့်ပတ်သက်ပြီး ဖားကန့်မြို့မရဲစခန်းမှ စခန်းမှူး ရဲမှူးနိုင်ဝင်းအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် "ဖမ်းဆီးမှု ကလုံးခင်းဘက်မှာဖြစ်တာဆိုတော့ ကျွန်တော်တို့အကြောင်းစုံမသိပါဘူး။ မြို့နယ်ရုံးတွေကို စုံစမ်းမေးမြန်းနိုင်ပါတယ်" ဟုပြောကြားသည်။
ဖားကန့်ဒေသခံ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးလမောင်လတောင်က "ကျပ်သိန်းပေါင်းနှစ်သောင်းကျော်ဖိုးဖမ်းမိတုန်းက လာဘ်ပေးလာဘ်ယူစာရင်းတွေတွေ့ပြီး သိမ်းဆည်းထားကြတယ်လို့ သိရတယ်။ ကျွန်တော်တို့တော့ မသိမ်းထားမိဘူး။ ကျွန်တော်လည်း ဌာနနှစ်ခုသုံးခုကို ဘယ်နှသိန်းပေးရတယ်ပဲ မှတ်မိတော့တယ်။ မှတ်စုထဲမှာ ကျပ်သိန်းပေါင်း ၆၀၀၀ ကျော်လောက်ဆိုတာ အပြင်မှာလည်းဖြစ်နိုင်ပါတယ်။ အရင်ကလည်း မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး သိန်းထောင်ဂဏန်းလာဘ်ထိုးတော့ ပြုတ်သွားတာ၊ နယ်ပြောင်းတာလည်းဖြစ်ခဲ့တယ်။ အခုလည်း ၀န်ထမ်းတချို့က အတော်များများယူခဲ့တဲ့အသံတွေ ထွက်နေတယ်။ ပေးရတဲ့ဌာနတွေလည်း များတဲ့သဘောရှိတယ်။ ကျောက်စိမ်းလုပ်ငန်းကြီးတွေကစ ငွေကြေးကိစ္စနဲ့ ပြေလည်ကြတာကိုး။ အခု ကျပ်သိန်းပေါင်းနှစ်သောင်းကျော် မူးယစ်ဆေးဖမ်းမိတာလည်း ဖားကန့်မှာ အကြီးဆုံးတစ်ယောက်တည်းမဟုတ်လောက်ဘူး။ ဖားကန့်ဒေသကကျယ်တော့ တခြားနေရာတွေမှာလည်း ရှိနေနိုင်တာပဲ။ လာဘ်ပေးလာဘ်ယူမှုတွေရှိနေတယ်လို့ ယူဆရမှာပါ" ဟုပြောကြားသည်။
ဇူလိုင် ၁ ရက် နံနက် ၈ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု (၂) မြစ်ကြီးနား၊ မော်ဝမ်း (လှုပ်ရှား) အဖွဲ့မှ ဒုရဲမှူးတင်ဌေးဦးစီးသော အဖွဲ့ဝင်များသည် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ပြည်သူ့အခြေပြု မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့မှ ဦးမရန်ဂျာလဦးစီးသောအဖွဲ့ဝင်များသည် လုံးခင်းရဲစခန်းမှ ဒုရဲအုပ်သက်ဝေဖြိုးဦးစီးသောအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည့် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးများ လျှို့ဝှက်သိုလှောင်ထားကြောင်း သတင်းအရ လုံးခင်းကျေးရွာ အောင်ရာရပ်ကွက် (၅)၊ အိမ်အမှတ် (အရ/၁၃၂) နေ ဒေါ်မကိုင်၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်း ရပ်ထားသောလင်ခရူဆာကားအတွင်း ဘိန်းဖြူဆပ်ပြာခွက် ၄၁၅ ခွက်၊ ပင်နဆလင်ပုလင်း ၆၀၀ ၊ ဘိန်းဖြူပါ ပလတ်စတစ်ပိုက် ၂၃၀၀၊ ဘိန်ဖြူ စုစုပေါင်းအလေးချိန် ၄ ဒသမ ၄၇၂ ကီလိုဂရမ်၊ တစ်ကီလိုဂရမ်လျှင် ကျပ် ၉၅၀ သိန်းနှုန်းဖြင့် ကာလတန်ဖိုး ကျပ် ၄၂၄၈ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးများအားလည်းကောင်း၊ စိတ်ကြွဆေးပြား ၂၉၆၅၀၀ ၊ တစ်ပြားလျှင် ကျပ် ၆၀၀၀ နှုန်းဖြင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၇၇၉၀ အားလည်းကောင်း၊ စုစုပေါင်းကာလတန်ဖိုး ကျပ် ၂၂၀၃၈ သိန်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
Credit to>>>>Eleven Media Group
Wednesday, July 8, 2015
ဖားကန့်တွင် မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ဖိုးဖမ်းမိခဲ့ရာတွင် လာဘ်ပေးသည့်မှတ်စုများ သိမ်းဆည်းမိပြီး နှစ်လအတွင်း ကျပ်သိန်း ၆၀၀၀ ကျော် လာဘ်ပေးထားကြောင်းဖော်ပြထားဟု ဒေသခံများဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment