Friday, July 17, 2015

သေနတ်သမားကြောင့် ကန်ရေတပ်သား ၄ ဦးသေ


အမေရိကန်နိုင်ငံ Tennessee ပြည်နယ်က စစ်စခန်းတွေမှာ ပစ်ခတ်မှု နှစ်ခုဖြစ်ခဲ့ရာက ရေတပ်သား ၄ ယောက် သေဆုံးခဲ့ရပါတယ်။စစ်တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကိုတော့ ပစ်သတ်နိုင်ခဲ့ပါတယ်။

သေနတ်သမားအပါအဝင် စုစုပေါင်း လူ ၅ ယောက် သေဆုံးရတဲ့ ဖြစ်ရပ်အတွင်း ရဲတစ်ဦးနဲ့ အရံ မရိန်းတပ်သား တစ်ယောက်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီ သေနတ်သမားဟာ ရေတပ်စခန်းတစ်ခုမှာ ပစ်ခတ်မှု လုပ်ပြီးနောက်ပိုင်း အဲဒီ စခန်းနဲ့ မိုင်ချီဝေးတဲ့ နောက်စခန်းတစ်ခုကို သွားပြီး ပစ်ခတ်မှု လုပ်ခဲ့တာပါ။
ဒီကိစ္စဟာ ပြည်တွင်း အကြမ်းဖက်မှု ဖြစ်တယ်လို့ Tennessee ပြည်နယ် အကြီးအကဲ တစ်ဦးက ပြောပေမယ့် အမေရိကန် အစိုးရကတော့ အသေအခြာ မသိရသေးဘူးလို့ ပြောပါတယ်။
ဒါက ပြည်တွင်းအကြမ်းဖက်မှုလား၊ နိုင်ငံတကာနဲ့ ဆိုင်သလား ဒါမှမဟုတ် သာမာန် ရာဇာဝတ်မှု တစ်ခုလား ဆိုတာ မသိရသေးဘူးလို့ FBI အဖွဲ့က ပြောပါတယ်။
သေနတ်သမား ကတော့ အသက် ၂၄ နှစ်အရွယ် Mohammod Youssuf Abdulazeez ဖြစ်ပါတယ်။
အဲဒီလူဟာ ကူဝတ်မှာ မွေးပြီး အမေရိကန်မှာ ကြီးပြင်းလာသူ ဖြစ်တယ်လို့ ဆိုပါတယ်။
အင်ဂျင်နီယာ ဘွဲ့နဲ့ ၂၀၁၂ ခုနှစ်တုန်းက Tennessee တက္ကသိုလ်ကနေ ဘွဲ့ရရှိသူဖြစ်ပြီး စကားနည်းပေမယ့် ပျော်တတ်သူ ဖြစ်တယ်လို့ ကျောင်းနေဘက်တစ်ဦးက ပြောပြပါတယ်။
နယူးယောက်ထိုင်းမ်စ် သတင်းအရ သေနတ်သမားရဲ့ ဖခင်ဟာလည်း အရင်တုန်းက ပြည်ပအခြေစိုက် အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်တယ်လို့ သံသဖြစ်ခံရတဲ့အတွက် ရဲတွေက စုံစမ်းစစ်ဆေးမှု လုပ်တာကို ခံခဲ့ဖူးတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ ဘာသက်သေမှ မတွေ့ရလို့ စောင့်ကြည့်ရမယ့် စာရင်းထဲက နေ ဖယ်ရှားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အမေရိကန် သမ္မတ ဘာရက် အိုဘားမားကတော့ ကွယ်လွန်သူတွေနဲ့ ကျန်ရစ်သူ မိသားစုဝင်တွေအတွက် ဆုတောင်းပေးကြဖို့ တိုက်တွန်းလိုက် ပါတယ်။
Credit to >>>Myanmar International News

0 comments:

Post a Comment