Monday, July 6, 2015

သူရဦးရွှေမန်း ဖြူးမြို့နယ်မှ ရွေးကောက်ပွဲဝင်မည်ဟု သတင်းထွက်


ယခုနှစ်အတွင်း ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၎င်း၏ ဇာတိဖြူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီဗဟိုကော်မတီဝင်များထံမှ သိရသည်။

သူရဦးရွှေမန်းသည် ၎င်း၏ မွေးရပ်မြေဖြစ်သော ဖြူးမြို့နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ယင်းမြို့နယ်ရှိ မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်နိုင်ဖွယ်ရှိကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင်အချို့က ပြောကြားသည်။
သူရဦးရွှေမန်းသည် မဲဆန္ဒနယ်ဟောင်း ဖြစ်သော ဇေယျာသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းပြုရန် လျာထားမှု ရှိသော်လည်း မွေးရပ်ဇာတိရှိ ဒေသခံများက လိုလားသောကြောင့် ဖြူးမြို့နယ် ကညွတ်ကွင်းတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က ဆိုသည်။
“ဥက္ကဋ္ဌကြီးက ဖြူးမြို့နယ်ထဲမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ တောက်လျှောက်လုပ်နေတာလည်း ရှိတယ်။ အဲဒီဒေသခံတွေကလည်း ဇာတိမြေကနေ ဝင်ပြိုင်ဖို့ကို ဆန္ဒပြုနေတာတွေတော့ ကြားတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်ထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို ထုတ်ပြန်နိုင်ခြင်း မရှိသေးသော်လည်း ပါတီအတွင်း ကိုယ်စားလှယ်လောင်းများ၏ မဲဆန္ဒနယ်များ လျာထားမှုကို စိစစ်ရွေးချယ်လျက် ရှိကြောင်း အဆိုပါ ပါတီဝင် ဦးသာဝင်းက ဆိုသည်။
“ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အတိအကျ ထွက်တာနဲ့ ဘယ်သူတွေ ဘယ်မဲဆန္ဒနယ်မှာ ပြိုင်မယ်ဆိုတာ သိရမှာပါ။ အားလုံးကို တရားဝင်အသိပေးမှာပါ” ဟု ၎င်းကဆိုသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိကာ လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အစိုးရသစ်လက်ထက်တွင် လွှတ်တော်နှစ်ရပ် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ယူလျက်ရှိပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ အဖြစ် အရွေးချယ်ခံလိုကြောင်း ထုတ်ဖော်ပြောကြားထားသူ ဖြစ်သည်။
သူရဦးရွှေမန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေရာမှ ၂၀၁၃ ခုနှစ်တွင် ဥက္ကဋ္ဌရာထူးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပူးတွဲရယူခဲ့ခြင်း ဖြစ်သည်။
သူရဦးရွှေမန်းသည် တပ်မတော်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ပြီးလျှင် တတိယမြောက် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့၍ တပ်မတော် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းမှာ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်ခံရရန် ရေပန်းစားခဲ့သော်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ်သာ တင်မြှောက်ခံခဲ့ရသည်။
Credit to>>> Myanmar Online News

0 comments:

Post a Comment