မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်ရှိသည့် တာချီလိတ်မြို့ မကာအိုခမ်းရပ်ကွက် မေဖလားဝါးကွင်း အနီးတွင် မတ်လ ၂၇ ရက်နေ့ ည ၇ နာရီခွဲခန့်က နေအိမ်အနီး၌ပင် ပျောက်ဆုံးခဲ့သည့် အသက်ခြောက်နှစ်အရွယ် မိန်းကလေးကို မတ်လ ၃၀ ရက်နေ့ ည ၇ နာရီခန့်က မယ်ဆိုင်ချောင်း (ထိုင်းဘက်ခြမ်း) တွင် သေဆုံးလျက် ပြန်လည်တွေ့ရှိ ခဲ့ကြောင်း ၎င်း၏ အဘိုးဖြစ်သူ ဦးစိုင်းတစ်က ပြောကြားသည်။
“ကလေးကို သတ်ထားတာပါ။ လည်ပင်းမှာ ကြိုးချည်ထားပြီးတော့ အဝတ်အိတ်ထဲထည့်ပြီး ချောင်းအတိုင်း မျှောလိုက်တာဖြစ်မယ်” ဟု ၎င်းက ဆိုသည်။
သေဆုံးသူကလေးငယ် မနန်းဖွေးဟွမ်သည် မတ်လ၂၇ ရက်နေ့ ည ၇ နာခွဲခန့်က အဘိုးဖြစ်သူနှင့် လမ်းလျှောက်ရာမှ အိမ်အနီးသို့ ရောက်စဉ် ကလေးငယ်တစ်ဦးတည်း ပြန်သွားခဲ့ရာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ လူပျောက်မှုနှင့် ပတ်သက်၍ တာချီလိတ် မြို့မရဲစခန်းက ၂/၂၀၁၅ ဖြင့် အမှုဖွင့်ထားပြီး ရှာဖွေနေဆဲ အချိန်တွင် မတ်လ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အမှတ်(၂)တံတား ထိုင်းဘက်ခြမ်းတွင် ရေကစားနေသူများက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းရဲစခန်း၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
သေဆုံးသူ၏အလောင်းမှာ ပျက်စီးနေပြီ ဖြစ်သော်လည်း အဝတ်အစားများမှာ ပျောက်ဆုံးချိန်က ဝတ်ဆင်ခဲ့သည့် အဝတ်များဖြစ်သောကြောင့် ပျောက်ဆုံးနေသည့် မနန်းဖွေးဟွမ်ဖြစ်ကြောင်း ၎င်း၏အဘိုးက အတည်ပြုခဲ့သည်ဟု ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ လိုက်ပါခဲ့သည့် တာချီလိတ်ဒေသခံ ဦးဇောင်းက ပြောကြားသည်။
“ချင်းဟိုင်းဆေးရုံကို အလောင်းပို့ပြီး စစ်ဆေးချက်တွေရရင် မြန်မာဘက်ကို ပြန်လွှဲပေးမယ်လို့ သိထားတယ်။ ထိုင်းဘက်ကလည်း ဒီအမှုနဲ့ပတ်သက်ပြီး စုံစမ်းနေကြပါတယ်။ နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်မယ် ဆိုတဲ့ သဘောပါ” ဟု ထိုင်း-မြန်မာ နယ်ခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဘိုလေးက ရှင်းပြသည်။
ထိုင်းဘက်အခြမ်းမှ လွှဲပြောင်းပေး ပြီးသည်နှင့် လူပျောက်မှုမှ လူသတ်မှုအဖြစ် ပြောင်းလဲ အမှုဖွင့်ပေးမည်ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
အဆိုပါကလေးငယ်၏ မိခင်သည် ထိုင်းနိုင်ငံတွင် နေထိုင်၍ အလုပ်လုပ်နေသူဖြစ်ပြီး ဖခင်ဖြစ်သူမှာလည်း လာအိုနိုင်ငံတွင် နေထိုင်၍ အလုပ်လုပ်နေသူ ဖြစ်ကြောင်း တာချီလိတ်မြို့နယ် မကာအိုခမ်း ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။
Credit to : The Voice
Wednesday, April 1, 2015
တာချီလိတ်တွင် ပျောက်ဆုံးခဲ့သည့် အသက်ခြောက်နှစ်အရွယ် မိန်းကလေး ထိုင်းနယ်စပ်တွင် သေဆုံးလျက်ပြန်တွေ့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment