Wednesday, April 1, 2015

မန္တလေးမြို့တော်ဝန်မဏ္ဍပ်တွင် ကျောင်းသူအင်အား ၃၀၀၀ ပါဝင်ဆင်နွှဲမည်

 
ယခုနှစ် မန္တလေးမြို့ မြို့တော်ဝန် မဏ္ဍပ်တွင် သင်္ကြန်ပွဲတော်အတွက် အခြေခံပညာကျောင်းပေါင်း ၄၉ ကျောင်းမှ ကျောင်းသူ ၃ဝဝဝ ပါဝင်ဆင်နွှဲမည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော်များလည်း ပါဝင်ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သတင်းနှင့် ပြန်ကြားရေး ဌာနမှ သိရသည်။


မန္တလေးမြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသူများပါဝင် ကပြဖျော်ဖြေ မည့်အပြင် မန်းစည်ပင် ခေတ်ပေါ် တေးဂီတနှင့် မြန်မာ့ဆိုင်းဝိုင်းများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ မင်္ဂလာ စည်တော်အဖွဲ့များက နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ပါဝင်တင်ဆက်ကြမည်ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''နေ့လယ်ပိုင်းမှာ မန္တလေးအခြေ စိုက်တီးဝိုင်းတွေဖြစ်တဲ့ ဂျော်နီ၊ ဝင်းနားနဲ့ ပါဝါပလက်စတဲ့ တီးဝိုင်း တွေကလည်း အလှည့်ကျဖျော်ဖြေသွား မှာပါ။ စည်ပင်ဝန်ထမ်း ၃၄ ဦးက လည်း ကပြဖျော်ဖြေမယ့်အစီအစဉ် တွေပါဝင်ပါတယ်'' ဟု ၄င်းက ပြောသည်။

နိုင်ငံကျော် အဆိုတော်များ ဖြစ်သည့် ဖြိုးကြီး၊ ဇော်ပိုင်၊ ဂရေဟမ်၊ စိုးပိုင်၊ သားစိုး၊ ဝေလျှံ၊ အယ်ဆိုင်းဇီ၊ ဆုန်သင်းပါ၊ ပိုပို၊ ဆူဇီ၊ ခင်စုစုနိုင် စတဲ့အနုပညာ ရှင်များလည်း ပါဝင် ဖျော်ဖြေကြမည်ဖြစ်ကာ မဏ္ဍပ် အလှပြိုင်ပွဲ၊ အလှပြ ကားပြိုင်ပွဲ၊ ဓာတ်ပုံပြိုင်ပွဲများ ပါဝင်မည့်အပြင် သင်္ကြန်သံချပ်ပြိုင်ပွဲများ လည်း ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယခုနှစ် သင်္ကြန်မဏ္ဍပ်များကို နန်းမြို့ရိုးကျုံးတောင်ဘက် ၂၆လမ်း တွင် မဏ္ဍပ် ၁ဝ ခု၊ ကျုံးအရှေ့ ဘက် ၆၆လမ်းတွင် မဏ္ဍပ် ၁ဝ ခု၊ ကျုံး အနောက်ဘက် လမ်း ၈ဝတွင် မဏ္ဍပ် သုံးခု၊ ကျုံးမြောက်ဘက် ၁၂ လမ်းတွင် မဏ္ဍပ်တစ်ခု၊ စုစုပေါင်း မဏ္ဍပ် ၂၄ ခု နေရာချထားပေးပြီးဖြစ်ကြောင်း နှင့် မြို့တွင်းတွင် မဏ္ဍပ်ငါးခု၊ ကန်တော်ကြီးတွင် မဏ္ဍပ်လေးခု ဆောက်လုပ်ခွင့်ပြုထားကြောင်း သိရသည်။

Credit to : MOI Webportal Myanmar

0 comments:

Post a Comment