ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အသုံးပြုမှု အောင်မြင်ခဲ့သည့်နောက် Vanishing Spray ခေါ် ယာယီမျဉ်းတား မှုတ်ဆေးဘူးများကို အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲများတွင်လည်း အသုံးပြုသွားတော့မည်ဟု သတင်းရရှိသည်။
ဘရာဇီးတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွင်း ကွင်းလယ်ဒိုင်များသည် ပြစ်ဒဏ်ဘောကန်ရန် လူတံတိုင်း သတ်မှတ်ရာ၌ အဖြူရောင်ဆေးသား ပါရှိသည့် မှုတ်ဆေးများကို အသုံးပြုခဲ့သည်။ မြက်ခင်းပြင်ပေါ်တွင် ထင်ကျန်နေသော ဆေးသားများသည် (၁)မိနစ်မျှ အကြာတွင် အလိုလို ပြန်လည် ကွယ်ပျောက်သွားလေ့ရှိသည်။
စပိန်လာလီဂါနှင့် အီတလီ စီးရီးအေ ပြိုင်ပွဲကြီးများသည် Vanishing Spray များကို အသုံးပြုရန် စီစဉ်ထားပြီး ဖြစ်သလို ယခုအခါ ပရီးမီးယားလိဂ်တွင်လည်း ဒိုင်လူကြီးများ အနေဖြင့် ဆေးဘူးများ ကိုင်ဆောင်သွားမည်ဟု ပြိုင်ပွဲ၏ အမှုဆောင် အရာရှိချုပ် ရစ်ချတ် စကူဒါမိုးက ပြောကြားခဲ့သည်။
စကူဒါမိုးက “ကျွန်တော်တို့က ပရီးမီးယားလိဂ် ပြိုင်ပွဲကို အဘက်ဘက်က တိုးတက်လာအောင် ကြိုးစား မြှင့်တင်နေတာပါ။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို လေ့လာကြည့်တဲ့အခါ ဒီမှုတ်ဆေးဘူးတွေဟာ ဒိုင်တွေအတွက်ရော၊ ကစားသမားတွေ အတွက်ရော၊ ပွဲကို ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေ အတွက်ရော ကောင်းကျိုးဖြစ်စေခဲ့တာ ရှင်းရှင်းလင်းလင်း မြင်သာခဲ့ပါတယ်”ဟု ဆိုသည်။
၎င်းက “ဒီအခြေအနေတွေကို မျက်ဝါးထင်ထင် တွေ့ကြုံခဲ့တဲ့ရယ်၊ ပရီးမီးယားလိဂ် ကလပ်တွေနဲ့ PGMOL (ပရော်ဖက်ရှင်နယ် ဘောလုံးပွဲ ဒိုင်လူကြီးများ လီမိတက်)ရဲ့ အကြံပြုမှုတွေရယ်ကြောင့် (၂၀၁၄-၁၅) ဘောလုံးရာသီက စပြီး Vanishing Spray ကို ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမှာ စတင်အသုံးပြုဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
အင်္ဂလန် ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲများတွင် အဆင့်အမြင့်ဆုံးဖြစ်သည့် ပရီးမီးယားလိဂ်၌ ယင်းဆေးဘူးများကို အသုံးပြုမည် ဖြစ်သော်လည်း ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးတို့တွင်မူ အသုံးပြုဦးမည် မဟုတ်ချေ။ ထို့အပြင် Capital One ဖလားပြိုင်ပွဲများတွင်လည်း ဒိုင်လူကြီးများ အနေဖြင့် Vanishing Spray ဘူးများ ကိုင်ဆောင်ရန် အစီအစဉ် မရှိဟု သိရသည်။ ဂျွန်စတုန်းပိန့် ဖလားပြိုင်ပွဲတွင်မူ Vanishing Spray ဘူးများ အသုံးပြုရန် ရည်ရွယ်ထားသည်။
_Ref: Theguardian

0 comments:
Post a Comment