Thursday, July 3, 2014

ဦးဆန်းဆင့် ကိစ္စ ပွင့်လင်းမြင်သာမှုရှိရန် ပြည်သူများ တောင်းဆို


သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဆန်းဆင့်ကို
ဖမ်းဆီးအရေးယူထားခြင်း ကိစ္စနှင့်ပတ်သက်ပြီး ဇူလိုင်လ ၁ ရက်နေ့က ပုသိမ်မြို့၊ ကန်သုံးဆင့်ကွင်း
တွင် ပြည်သူများစုဝေးကာ ပွင့်လင်းမြင်သာမှုရှိရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဦးဆန်းဆင့်ကို ဌာနပိုင်ငွေ အလွဲသုံးစားမှုဖြင့် ဖမ်းဆီးအရေးယူခြင်းကိစ္စနှင့် ပတ်သက်၍
ပွင့်လင်းမြင်သာစွာ၊ ဒီမိုကရေစီ နည်းလမ်းကျစွာ ဆောင်ရွက်ရန် ဆန္ဒထုတ်ဖော်ပွဲ ကျင်းပခြင်း
ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်
ကာကွယ်ရေးကွန်ရက်မှ ဦးထွန်းထွန်းဦးက ပြောသည်။

"အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးယူရင်လည်း ဥပဒေနည်းလမ်းကျကျ ရေးယူပါ။
ဒါကိုလည်း ပြည်သူတွေ မြင်အောင်ချပြပေးပါ။ ဟိုးတုန်းကလုပ်တဲ့ ပုံစံမျိုးတွေလုပ်နေတာ
မကောင်းပါဘူး။ ဦးဆန်းဆင့်မို့လို ဆန္ဒထုတ်ဖော်နေတာ မဟုတ်ဘူး။ ပြည်သူက ထောက်ခံလို့
ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်တစ်ယောက်ကို ပြည်သူဆန္ဒမပါဘဲ ရာထူးခန့်တယ်။ အခုလည်း
ပြည်သူ့ဆန္ဒမပါဘဲ ရာထူးဖယ်ရှားတယ်။ ဒါဟာ ဒီမိုကရေစီစနစ်လို့ ပြောနေရင်း ပြည်သူကို
မခန့်လေးစား လုပ်နေသလိုပါပဲ။ တကယ်ပဲ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတယ်ဆိုရင်
ပြည်သူကို လေးစားစေချင်ပါတယ်" ဟု ဦးထွန်းထွန်းဦးက ပြောသည်။

ရေကြည်၊ ကျောင်းကုန်း၊ ငပုတော၊ ဖျာပုံ၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ဒေးဒရဲနှင့် လပွတ္တာမြို့နယ်
တို့မှ အင်အား ၅၀၀ ခန့် ဆန္ဒထုတ်ဖော်ကြရန် စီစဉ်ထားသော်လည်း အဆိုပါရက်တွင် စုဝေးမည့်
နေရာသို့ လာရောက်ကြသောအဖွဲ့များကို သက်ဆိုင်ရာက စစ်ဆေးမေးမြန်းခြင်း၊ တားဆီးခြင်းများ
ကြောင့် အများစုမှာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခွင့်မရခဲ့ကြောင်း ကျုံပျော်မြို့နယ်မှ စုဝေးပွဲသို့
လာရောက်သော ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးသိန်းမြင့်ဆောင်းက မြန်မာတိုင်းမ် ကိုပြောသည်။

"နယ်တွေကလာတဲ့အခါမှာ ဘယ်သူ ဦးဆောင်မလဲ၊ ဘယ်နှစ်ဦးပါမလဲ၊ ဘယ်လို ပုံစံနဲ့ သွားကြ
မလဲလို့ ရဲစခန်းက မေးတာကို ခံရတယ်။ ဦးဆိုရင် မနေ့က သုံးကြိမ်လောက်လား မေးခံရတယ်။
ကျန်တဲ့သူတွေလည်း ဦးထင်ပါတယ်၊ အသံထွက်ရင်တော့ အဲလို အမေးခံနေရမှာပဲ။ လူတွေရဲ့
ဆန္ဒက လွှတ်တော်ဥက္ကဋ္ဌတုန်းက ၀န်ကြီးတင်လိုက်တဲ့ အချိန်မှာတောင်၊ ၀န်ကြီးမယူပါနဲ့
လွှတ်တော်ဥက္ကဋ္ဌနဲ့ပဲနေပါလို့ ပြောတုန်းကတောင် ကြောက်ကြရသေးတယ်လေ။ အခုလို
ပြုတ်ပြီးတော့ အရေးယူခံရတယ်ဆိုတော့ သူ့အပေါ်ထောက်ခံသော်လည်းပဲ၊ ယုံကြည်သော်လည်း
ပဲ၊ လူတွေရဲ့ရင်ထဲကဆန္ဒကို လာမေးမြန်းတယ်၊ စစ်ဆေးတယ်ဆိုတော့ ကြောက်ကြတယ်"ဟု
၎င်းက ပြောသည်။

၂၀၁၁ ခုနှစ်၊ မတ်လမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အထိဧရာဝတီတိုင်းဒေသကြီး လွှတ်တော်
ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကာလအတွင်းတွင် ဦးဆန်းဆင့်သည် ပြည်သူများ၏
အားပေးထောက်ခံမှုများ ရခဲ့သည်။

၎င်းလက်ထက်တွင် မြေယာပြဿနာ အခက်အခဲများအား တတ်နိုင်သမျှ ဖြေရှင်းပေးခဲ့သည်။

၂၀၁၂ ရေချိုငါးလုပ်ငန်း အက်ဥပဒေကို ဦးဆောင်ပြဋ္ဌာန်းပေးနိုင်ခဲ့ပြီး အင်းသားကြီးများနှင့်
လယ်သမားများအကြား ပဋိပက္ခအခြေအနေကို ကာကွယ်ပေးနိုင်ခဲ့သည်ဟု ဦးထွန်းထွန်းဦးက
ပြောသည်။

ဦးဆန်းဆင့်သည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အား ဒီမိုကရေစီနည်းလမ်းကျစွာ
ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းမှုတွင် ဦးဆောင်သူဖြစ်ခဲ့ပြီး လွှတ်တော်နှင့် လွှတ်တော်
ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌဘ၀မှ သာသနာရေးဝန်ကြီးအဖြစ် တာဝန်လွှဲပြောင်းထမ်းဆောင်ခဲ့သော်လည်း
ဧရာဝတီတိုင်းအတွင်းရှိ လယ်မြေ၊ ယာမြေ၊ အရှုပ်အရှင်များအား မိမိတတ်နိုင်သည့်ဘက်မှ
အခြားသက်ဆိုင်သော ၀န်ကြီးဌာနများသို့ ချိတ်ဆက် ဆောင်ရွက်ပေးခဲ့သည်။

ဦးထွန်းထွန်းဦးကို အရေးယူခြင်း ကိစ္စဖြစ်ပွားချိန်တွင် ဒေးဒရဲမြို့နယ်၊ ကျုံဒက်ကျေးရွာအုပ်စု
အတွင်းရှိ (ကျုံကနက်) ကျွဲနွားစားကျက်မြေနှင့် ဒီရေကာတော ပြဿနာကို ဆောင်ရွက်
ပေးလျက်ရှိကြောင်း ဒေးဒရဲမြို့နယ်မှ ဒေသခံများက ပြောသည်။

ဦးဆန်းဆင့်အား ရမည်းသင်းအကျဉ်း ထောင်တွင် ထိန်းသိမ်းထားကြောင်းသတင်း ထွက်ပေါ်ခဲ့
သလို စွဲချက်ပြစ်ဒဏ်များအား ဖြေလျော့ပြီး ပြည်ထဲရေးဝန်ကြီးဌာနတွင် ထိန်းသိမ်းထားသည်ဟု
သတင်းထွက်ပေါ် နေသော်လည်း အစိုးရအဖွဲ့က ဦးဆန်းဆင့်နှင့် ပတ်သက်သော
သတင်းအချက်အလက်များကို ထုတ်ပြန်ကြေညာမှု မရှိသေးပေ။

မြန်မာတိုင်း(မ်)

0 comments:

Post a Comment