Tuesday, July 1, 2014

နိုင်ငံခြားဘဏ်များ ပြည်တွင်းဘဏ်များအပေါ် လွှမ်းမိုးမည်ကို မစိုးရိမ်ရန် ဗဟိုဘဏ်ဒုဥက္ကဋ္ဌပြော

 နိုင်ငံခြားဘဏ်များအား လုပ်ကိုင်ခွင့်ပြုရာတွင် ပြည်သူ များအား တိုက်ရိုက်ငွေချေး၊ ငွေ အပ်လို့ရသည့် (Retail Banking) စနစ်ကို လုပ်ကိုင်ခွင့်ပေးမည်မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု(သို့) ပြည်တွင်းဘဏ်များကို ၀န်ဆောင်မှုပေးခြင်းမျိုးသာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင် ကပြောသည်။

  နိုင်ငံခြားဘဏ်များအား ကန့်သတ်ချက်များဖြင့်သာ လုပ် ကိုင်ခွင့်ပြုမည်ဖြစ်သောကြောင့် ပြည်တွင်းဘဏ်များအပေါ်တွင် လွှမ်းမိုးသွားမည်ကို စိုးရိမ်စရာ မလိုကြောင်း ၎င်းကဆိုသည်။

‘‘နိုင်ငံတိုင်းမှာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုလျင်မြန်အောင်လို့ နိုင်ငံခြားဘဏ်တွေကို ဖွင့်ခွင့်ပေး ခဲ့တာဖြစ်ပါတယ်’’ဟု ဦးဆက် အောင်ကဆိုသည်။

စင်ကာပူနိုင်ငံမှလွဲ၍ အာရှ တိုက်ရှိ နိုင်ငံများတွင် နိုင်ငံခြား ဘဏ်များကို လုပ်ကိုင်ခွင့်ပေးရာ ၌ ကန့်သတ်ချက်ဖြင့်သာ လုပ် ကိုင်ခွင့်ပေးသည့်အတွက် အဆို ပါနိုင်ငံများတွင် နိုင်ငံခြားဘဏ် များ၏ ချေးငွေပမာဏမှာ ပြည် တွင်းဘဏ်များ၏ ၂၅ ရာခိုင်နှုန်း သာရှိပြီး မြန်မာနိုင်ငံတွင်လည်း အာရှတိုက်နိုင်ငံများနည်းတူ ကန့် သတ်ချက်များဖြင့်သာ လုပ်ကိုင် ခွင့်ပေးသွားမည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

‘‘နိုင်ငံခြားဘဏ်တွေအနေနဲ့ ၀န်ဆောင်မှုပေးတဲ့အခါမှာ တစ် ဦးတစ်ယောက်(သို့) ကုမ္ပဏီတစ် ခုကို ၀န်ဆောင်မှုပေးတာမျိုး ခွင့် မပြုဘဲ အဖွဲ့အစည်းတစ်ခု(သို့) ပြည်တွင်းဘဏ်တွေကို ၀န် ဆောင်မှုပြန်ပေးတာမျိုးကိုသာ လုပ်ကိုင်ခွင့်ပြုသွားမှာ ဖြစ်တဲ့အ တွက် ပြည်တွင်းဘဏ်တွေအနေ နဲ့လည်း နည်းပညာနဲ့ လုပ်ကိုင်မှု အတွေ့အကြုံတွေကို ရနိုင်မှာဖြစ် ပါတယ်’’ဟု ဦးဆက်အောင်က ပြောသည်။

ပြည်တွင်းဘဏ်များအနေ ဖြင့် ပြင်ဆင်ထားရန် အများအ ပြားလိုအပ်ပြီး ငွေချေး၊ ငွေအပ်၍ ရသော Retail Network ဈေး ကွက်ကို ချဲ့ထွင်နိုင်ရန် ဘဏ်ခွဲများ   တိုးချဲ့ဖွင့်လှစ်ခြင်းသည် ပြည်သူများအတွက်  အဆင်ပြေနိုင်သည်မှန်သော်လည်း ပြည် သူအများစုသုံးနေသည့် မိုဘိုင်း ဖုန်းမှ တစ်ဆင့် ငွေပေးချေခြင်း များပြုလုပ်နိုင်သည့် Mobile Banking နှင့် Mobile Payment စနစ်တို့ကို ကျယ်ပြန့်စွာ လုပ် ဆောင်သွားရန် လိုအပ်ကြောင်း ၎င်းက    တိုက်တွန်းပြောကြား သည်။

ဗဟိုဘဏ်အနေဖြင့် လက် ရှိတွင် ပြည်တွင်းဘဏ်လုပ်ငန်း ပေါင်း ၂၀ ကျော် လုပ်ကိုင်ခွင့်ပြု ထားကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးဆောင်၍ ဆောင်ရွက်လျက်ရှိသော နိုင်ငံခြားဘဏ်စိစစ်ရေးအဖွဲ့က  ယခုနှစ်စက်တင်ဘာ အတွင်း  နိုင်ငံခြားဘဏ်ငါးခုမှ ဆယ်ခုအတွင်း ဖွင့်လှစ်ခွင့်ပေး ရန် စီစဉ်လျက်ရှိကြောင်း သတင်း ရရှိသည်။

7Day Daily

0 comments:

Post a Comment