Friday, July 4, 2014

ကမ္ဘာကျော် မင်းကွန်းခေါင်းလောင်းတော်ကြီးအကြောင်း သိကောင်းစရာများ


 စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း မြို့နယ်၊ မင်းကွန်းဒေသရှိ ခေါင်းလောင်းတော်ကြီးသည် မြန်မာပြည်သာမက ကမ္ဘာ့အဆင့်မီ အကျော်ကြားဆုံး ဖြစ်သည်။ မင်းကွန်းဒေသ၏ သမိုင်းဝင်ကမ္ဘာကျော်ကြီး (၅) ကြီးတွင် တစ်ပါးအပါအ၀င် ဖြစ်သည်။ ဒေသသမိုင်း မြန်မာ့သမိုင်းမှ ကမ္ဘာ့အဆင့်မီ မှတ်တမ်းဝင်ဖြစ်သော မင်းကွန်း ခေါင်းလောင်းကြီးကို ၁၁၇၀ ပြည့်နှစ် ကဆုန်လဆန်း ၅ ရက်တွင် ဘိုးတော်ဘုရား အမိန့်အရ ပန်းဘဲဝန်ကြီး မဟာနန္ဒကျော်သူက ကြပ်မတ်၍ ပုထိုးတော်ကြီး အဆင်တန်ဆာအင်္ဂါအဖြစ် အရှေ့ဘက် ဘိုးတော်ဘုရား ယာယီစံမြန်းရာ နန်းတော် ကျွန်းရွာလေးအနီး စွန်းလွန်းရွာတွင် သွန်းလုပ်စေခဲ့သည်။ ခေါင်းလောင်းကြီး ကြေးညိုကို မဏ္ဍိုင်ထား၍ ကြေးသားထဲတွင် ရွှေစ၊ ငွေစများ၊ ကြေးနီ၊ ကြေးဝါများ၊ ဘော်၊ သံကျွတ် စသော ဓာတ်သတ်္တုများ ပါဝင်သဖြင့် ဓာတ်မိလာဘတ်ရှိသော ခေါင်းလောင်းကြီး ဖြစ်သည်။ မင်းကွန်းဒေသရှိ ဘုရားစုံဖူး၍ နောက်ဆုံး ခေါင်းလောင်းကြီး ထိုးပြီး လိုအင် ဆန္ဒအမျိုးမျိုး တောင်းကြရသည်။

ခေါင်းလောင်းတော်ကြီးကို သွန်းလုပ် ရာ ကြေးစသော အလေးချိန် ပိဿာပေါင်း (၅၅,၅၅၅) ပိဿ ကုန်ကျခဲ့၍ လွယ်လင့်တကူ မှတ်ယူစေနိုင်ရန် “မင်း-ဖြူ-မှန်-မှန်-ပြော” ဟူသော သင်္ကေတတစ်ခု တီထွင် ခဲ့သည်။ ခေါင်းလောင်းမသွန်းမီ စုဆောင်းထားသောကြေးများကို ချိန်တွယ်ပြီးမှ ဖြစ်သည်။

ခေါင်းလောင်းတော်ကြီးကို ဧရာဝတီ မြစ်တစ်ဘက်ကမ်းစွန်းလွန်းရွာမှ မင်းမော်ကွန်းသို့ရောက်အောင် မောင်ချောင်းထူး၍ ၀ါဆို၊ ၀ါခေါင်ရေကြီးချိန်တွင် ကရ၀ိတ် ဖောင်တော်နှစ်စင်းဖြင့် ဘိုးတော်ဘုရား ကိုယ် တော်တိုင်ဦးဆောင်ကာ မင်းခမ်းမင်း နား ပွဲသဘင်မျိုးစုံကျင်းပကာ ခေါင်းလောင်း တော်ကြီးတင်လှူမည့် ပုထိုးတော်ကြီး မြောက်ဘက်တွင် ချိတ်ဆွဲပူဇော်ခဲ့သည်။

ပထမဦးဆုံး ခေါင်းလောင်းကြီးကို အုတ်တိုင်ပေါ်တွင် သစ်သားယက်မကြီး တင်၍ ချိတ်ဆွဲလှူဒါန်းခဲ့သည်။ ၁၈၃၈ ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် ခေါင်းလောင်းကြီး ပြုတ်ကျမြေခခဲ့ဖူးသည်။ ထိုအချိန်က ကြေးပိဿချိန် ငါးပိဿာခန့် ပဲ့ထွက်သွားသည်။ ခရစ်နှစ် ၁၉၀၄ ခုနှစ် တွင် ဧရာဝတီသင်္ဘောကုမ္ပဏီမှ မစ္စတာ စီဂျီဂျွန် ဦးဆောင်ပြီး မူလသစ်သား၊ ယက်မ၊ ဘုဋ္ဌ်တိုင်တို့ကို သံယက်မသံတိုင်တို့ဖြင့် ပြောင်းလဲတပ်ဆင်ပေးခဲ့ရာ ယနေ့တိုင် တွေ့မြင်လေ့လာရသည့် ပုံအသွင်ပင် ဖြစ် သည်။ အမိုးပြဿဒ် သုံးဆင့်တိုင်ပေါင်း ၁၆ တိုင်၊ သံ ပန်း အကာအရံ ဘုံဗိမာန် အတွင်းဝယ် ခန့်ညားထယ်ဝါလှပသည့် ခေါင်းလောင်းကြီး အတိုင်းအတာများမှာ အ၀အချင်း ၁၆ ပေ ၉ လက်မ လုံးပတ် အချင်း ၅၀ ပေ ၃ လက်မ၊ အစောက် ၂၀ ပေ ၃ လက်မ၊ အထူ ၁ ပေ ၇ လက်မ၊ အမြင့် ၂၇ ပေ ၈ လက်မတို့ ဖြစ်သည်။

ခေါင်းလောင်းသမိုင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၄,၀၀၀ ကျော်က တရုတ် ပြည်ဒေသတွင် စတင်ပေါ် ပေါက်ခဲ့သည်။ ခရစ်ယာန် သာသနာ ထွန်းကားချိန်တွင် ဘုရားရှိခိုးကျောင်းများမှာ ချိတ်ဆွဲထားကြသည်။ ပထမတွင် ခေါင်းလောင်းကို အချက်ပေးကိရိယာဖြင့် အသုံးပြုလာကြရာမှ ဘာသာရေးကိစ္စများ နန်း တက်ပွဲများလက်ထပ်ပွဲများတွင်လည်း အသုံးပြုလာကြ သည်ကို တွေ့ရှိရသည်။

စစ်ပြီးသည့်အထိမ်းအမှတ် လွတ်လပ် ရေး အထိမ်းအမှတ် ပွဲများတွင်လည်း ခေါင်းလောင်းသံကို ကြားသိ နေရသည်။ ဘုန်းကြီးပျံ၊ ဘုရင်နတ်ရွာစံသော နာရေး ကိစ်္စများတွင်လည်းအသုံးပြုခဲ့ကြသည်။ ကုသိုလ် အမျှဝေပွဲများတွင်လည်း ခေါင်းလောင်းသံ ကြားသိနေရသည်။ ခေါင်း လောင်းကို လေးထောင့်အ၀ိုင်း အကြီးအ သေးသဏ္ဍာန်အမျိုးမျိုး သွန်းလုပ်ကြသည်။

ခေါင်းလောင်းတော်တွင် ဇာတ်တော်နိ ပါတ်စသော ရုပ်ကြွရုပ်လုံးများ ထည့်သွင်းထားသည်ကိုလည်း တွေ့ရှိရသည်။ လက် ဖြင့်ထိုးရသော ခေါင်းလောင်း၊ ကြိုးဖြင့် ဆွဲထိုးရသောခေါင်းလောင်း၊ စက်တပ်ထား သော ခေါင်းလောင်းစသည်ဖြင့် ခေတ်အလိုက် များပြားပေသည်။ ခေါင်းလောင်း၏ အစိတ်အပိုင်း အင်္ဂါ များမှာ အထက်ပိုင်းမှ အောက်သို့ (၁) ပုစွန်ထုပ်၊ (၂)ဆုံ၊ (၃)ကြာအုံ၊ (၄)ဖောင်း၊ (၅)ဇက်၊ (၆) နားပန်း ဟုခြောက်ခု တွေ့ရှိရသည်။ ဘုရား သမိုင်း၊ မြို့ရွာသမိုင်း၊ စာပေသမိုင်းများကို ခေါင်းလောင်းများတွင် အမှတ်တရ ရေး ထိုးထားကြသည်ကိုလည်း တွေ့ရှိရသည်။ အချို့ အရေးကြီးသော မြန်မာ့သမိုင်း မှတ် တမ်းများကို ခေါင်းလောင်းတို့တွင် တွေ့ရှိရသည်။

သို့ရာတွင် ထုထည်ကြီးမားပြီး ကမ်္ဘာ့ အဆင့်ရှိ မင်းကွန်းခေါင်းလောင်းကြီးတွင် မည်သည့်သမိုင်းစာမျှ ရေးထိုးထားခြင်း မရှိသည်မှာ ထူးခြားလှသည်။ မြန်မာပြည် ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝ ခေတ်မှစ၍ ယနေ့တိုင် အခမ်းအနား ဘာ သာရေး အဆောက်အအုံများတွင် ခေါင်း လောင်းသည် အဓိက ပါဝင် နေရာယူနေ သည်ကို သတိပြုသင့်ပေသည်။ သက်တမ်း ရှည် ကမ်္ဘာ့သမိုင်းဝင် ခေါင်းလောင်းကြီးများ အနက် မင်းကွန်းခေါင်းလောင်းကြီးသည် ဂုဏ်ယူဝင့်ကြွား နေရာယူဆဲ ဖြစ်သည်။

ကမ္ဘာ့သမိုင်းဝင် ခေါင်းလောင်းကြီးများ အနက် ရုရှားနိုင်ငံ မော်စကိုမြို့ကရင်မလင် နန်းတော်ရှိ ဇာကို လိုကော့အမည်ရှိ၊ ခေါင်း လောင်းကြီးသည် တန်ချိန် ၂၀၀ ကျော် ရှိ၍ ကမ်္ဘာ့အကြီးဆုံး ခေါင်းလောင်း ဖြစ် သည် တန်ချိန် ၁၂၈ တန်ရှိသော ကမ်္ဘာ့ ဒုတိယအကြီးဆုံး ခေါင်းလောင်းမှာလည်း မော်စကိုမြို့မှာပင် ရှိသည်။

ယခု မင်းကွန်းခေါင်းလောင်းကြီးမှာ တန်ချိန် ၉၀ ကျော်သဖြင့် တတိယအကြီးဆုံး ခေါင်းလောင်းအဖြစ် ကမ္ဘာ့မှတ်တမ်း ၀င်ထူးခြားသော မြန်မာ့ဂုဏ်ဆောင် ဖြစ် သည်။ ခေါင်းလောင်းကြီး စတင် သွန်းလုပ် ခဲ့ရာမှ ၁၃၇၆ ပြည့်နှစ်၊ ကဆုန်တွင် သက် တမ်း ၂၀၀ ကျော် ပြည့်မြောက်တော့မည် ဖြစ်သည်။ ရုရှနိုင်ငံ မော်စကိုမြို့ရှိ ကမ်္ဘာ့ အကြီးဆုံး ခေါင်းလောင်းကြီးတို့မှာ တီးနိုင် ထိုးနိုင် ခေါက်နိုင်သောအရာ မဟုတ် သဖြင့် ကမ်္ဘာ့ သုတေသီတို့မှာ အသံပိုင်းဆိုင်ရာ လေ့လာခွင့် မရခဲ့ကြပေ။

ဤ မင်းကွန်းခေါင်းလောင်းကြီးသည် တီးနိုင်ထိုးနိုင် ခေါက်နိုင်သဖြင် ကမ္ဘာ့သုတေသီတို့အား အသံပိုင်း ဆိုင်ရာ လေ့လာခွင့် ရရှိစေသည်။ ခေါင်းလောင်းကြီး၏ အသံမှာ တစ်မိုင်ခန့်လောက်ကပင် ကြားနိုင်သည်။

ယခင်ရှေးလူ သမိုင်းထူနောင်လူသမိုင်း စောင့်ရမည်။မင်းကွန်းခေါင်းလောင်းနှစ်ထောင်သောင်းကြာညောင်းရှည်ဝေရလိမ့်မည်ခေါင်းလောင်းကိုထိုး ဆုပန်မျိုးအကျိုးရှိရာ ဆောင်ရွက်မည်။

ထို့ကြောင့် တီးနိုင်၊ ထိုးနိုင်၊ ခေါက်နိုင်သော ခေါင်းလောင်းတို့တွင် ဤ မင်းကွန်းခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံးအဖြစ် ရှေးဟောင်း အမွေအနှစ်များကို နိုင်ငံသားတိုင်း ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် သင့်ပေကြောင်း တင်ပြလိုက်ရပါသည်။

Mizzima

0 comments:

Post a Comment