Thursday, June 19, 2014

စတော့အိတ်ချိန်း ဈေးကွက်ဖြစ်ပေါ်လာရန် အရေးကြီးသော ယန္တရားတစ်ခုဖြစ်သည့် ငွေချေးသက်သေခံလက်မှတ်များ ကြီးကြပ်ရေးကော်မရှင် (SEC) ကို မကြာမီ ဖွဲ့နိုင်တော့မည်ဟု ဒိုင်ဝါ ပြောကြား


ငွေချေး သက်သေခံလက်မှတ်များ ကြီးကြပ်ရေးကော်မရှင် (SEC) ဖွဲ့စည်းရန် နှောင့်နှေးကြန့်ကြာနေမှုသည် စည်းမျဉ်း၊ စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်ရေးအဖွဲ့ (regulatory Body) ပေါ်ပေါက်လာရေးကိုပါ နှောင့်နှေးစေသည့်အတွက် အရင်းအနှီးဈေးကွက် (Capital Market) ထူထောင်ရန် preparation process တစ်ခုလုံး နှောင့်နှေးကြန့်ကြာမှုကို ဖြစ်စေကြောင်း၊ သို့သော် ဇွန်လ သို့မဟုတ် လာမည့် ဇူလိုင်လတွင် ဖွဲ့နိုင်တော့မည်ဖြစ်ကြောင်း Diawa Securities Exchange group မှ ရရှိသော သတင်းများအရ သိရသည်။  

မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်ဈေးကွက်ကို ၂ဝ၁၅ တွင် ဖွင့်လှစ်သွားမှာ ဖြစ်သည့်အတွက် ၂ဝ၁၄ ခုနှစ်အတွင်းမှာ  SEC (Securities Exchange Commission) ဖွဲ့စည်းနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းချရေး ဥပဒေကိုမူ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၃၁ ရက် ကတည်းကလွတ်တော်တွင် အတည်ပြု ပြဌာန်းလိုက်ပြီး နည်းဥပဒေကို စောင့်ဆိုင်းနေကြောင်းနှင့်  SEC သည် အရင်းအနှီးဈေးကွက်ထူထောင်ရန်အတွက် လိုအပ်သည့် regulatory body တစ်ခုဖြစ်နေသည့်အတွက် SEC ကိုဖွဲ့နိုင်ရေးသည် capital Market တစ်ခု ပေါ်ပေါက်လာရေးအတွက် အလွန်အရေးပါကြောင်း သတင်းရှိရသည်။

“SEC ဖွဲ့မယ့်ကိစ္စ ဘယ်အဆင့်လောက်ရောက်နေပြီလဲဆိုတာကတော့ ဘဏ္ဍာရေးဝန်ကြီးဌာနကိုပဲ မေးမှသိမှာပါ။ တကယ်တော့ ဥပဒထွက်ကတည်းက ဖွဲ့လို့ရပါတယ်။ နည်းဥပဒေအထိ စောင့်စရာမလိုဘူး။ အဲဒီတုန်းကဖွဲ့ရင် အခုလောက်ဆို အရှိန်တောင် တော်တော်ရနေပြီပေါ့ဗျာ။ အောက်တိုဘာလလောက်က ဖွဲ့ဖို့မှန်းတာ အခုက မဖွဲ့ရသေးဘူး။ နည်းဥပဒေနဲ့တော့ မဆိုင်ဘူး။နည်းဥပဒေကလည်း တော်တော်လေး ပြီးနေပါပြီ။ ရှေ့နေချုပ်ရုံးတွေ ဘာတွေတောင် ရောက်နေပြီ။ သူက အရင်းအနှီးဈေးကွက် ထူထောင်ဖို့ Regulatory body ပဲ။ သူက အဓိကပဲ။ အခုတော့ဖွဲ့မယ်လည်း ကြားတယ်။ ဒါပေမဲ့ ဘယ်လောက်ကြာမလဲ မသိသေးဘူး။ ဒါမဖွဲ့ရင် Regulator မရှိဘူး။ မရှိတော့ လုပ်ရခက်တာပေါ့”ဟု MSEC ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစိုးသိန်း က ပြောကြားခဲ့သည်။

စိုးရိမ်မှု

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် မေ ၁၂ ရက် တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ Japan Exchange Group၊ ယခင် (Tokyo Stock Exchange)နှင့် Daiwa Institute of Research တို့ကြားတွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းတစ်ခုဖြစ်လာရေး နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်အတူ ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသည့်အပိုင်းတွင် အဓိကအားဖြင့် (၁) Rules and Regulations များနှင့် (၂)IT system များကို အလေးထား လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။ သို့သော် ယင်းသို့ လုပ်ဆောင်ရာတွင် ဂျပန်ဘက်မှ စိုးရိမ်နေမှုတစ်ခုလည်းရှိနေပြီး ယင်းမှာ Securities Exchange Commission(SEC) ကို ထူထောင်သည့်နေရာတွင် နှောင့်နှေးနေသည့်အတွက်ပင် ဖြစ်သည်။ ယင်းကဲ့သို့ နှောင့်နှေးနေမှုသည် preparation proceess တစ်ခုလုံးကို နှောင့်နှေးမှုတွေ ဖြစ်စေနိုင်သည်ဟု ဒိုင်ဝါမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ သို့သော်လည်း အစိုးရပေါ်လစီပိုင်း အပြောင်းအလဲမဖြစ်ခဲ့ပါက ၂ဝ၁၅ အောက်တိုဘာတွင် Target အတိုင်း ဖွင့်နိုင်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။

Public Company ဘယ်လောက်ရှိသွားပြီလဲ

Capital Market တစ်ခု ထူထောင်ဖို့ လုံလောက်သည့်အရေအတွက် ရှိနေပြီလားဆိုသည့် မေးခွန်းနှင့်ပတ်သက်လျှင်မူ သိသလောက်တော့ လက်ရှိတွင် ကုမ္ပဏီ ၁၄၂ ခု လောက်ရှိနေပြီဟု သိရသည်။ ယခင် အစိုးရလက်ထက်တွက်မူ ၂၁ ခုရှိခဲ့သည်။ ယင်းတို့ မှာ ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သို့သော် တကယ်တမ်း Capital Market တစ်ခု ထူထောင်ရန် မလုံလောက်သေးဆိုသော သုံသပ်ချက်များလည်း ရှိသည်။ ဒါကြောင့် နောက်ထပ် Public Company တွေ အများကြီးဖြစ်လာရန် တိုက်တွန်းနေသည့် အပိုင်းလည်း ရှိသည်။ လက်ရှိအချိန်တွင် ကုမ္ပဏီငါးခုလောက်သာ Private မှ Public Company အဖြစ် ပြောင်းလဲလာသည်ဟု သိရပြီး ယင်းကဲ့သို့ ပြောင်းလဲမလာနိုင်ခြင်း၏ နောက်ကွယ်မှာ အကြောင်းတရားများစွာ ရှိနေသည်ဟု သိရသည်။

ကုမ္ပဏီဘယ်နှခုလောက်ရွေးချယ်မလဲ

၂ဝ၁၅ အောက်တိုဘာတွင် မျှော်မှန်းထားသည့်အတိုင်း stock exchange ကို ဖွင့်ပြီးသွားနိုင်လျှင်မူ ပထမခြောက်လအတွင်းတွင် listed Company ငါးခုမှ ၁ဝ ကြားလောက်အထိ ရှိလာရန် မျှော်မှန်းထားကြောင်း နှင့် လောလောဆယ်တွင်မူ Listed Company  နှစ်ခုသာ ရှိသေးကြောင်း သိရသည်။ “AGD ကတော့ listed Company ဖြစ်လာဖို့ ကျွန်တော်တို့နဲ့ သဘောတူထားတာ ရှိပါတယ်။ညှိနှိုင်းဆွေးနွေးနေဆဲပါ။ အချိန်တည်းမှာပဲ ကျွန်တော်တို့အနေနဲ့ အခြားကုမ္ပဏီတွေကိုလည်း  IPO (ရှယ်ယာများ အများပြည်သူသို့ ရောင်းချခြင်း) Advisory Services တွေပေးဖို့ သဘောတူထားပါတယ်”ဟုDiawa Securities Exchange group မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အလားအလာရှိသောလုပ်ငန်းများ

listed company ဖြစ်လာရန်ဆိုသည့် အပိုင်းတွင် Stock Exchange အတွက်မူ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကုမ္ပဏီတိုင်း၊ လုပ်ငန်းကို ဖွင့်ခွင့်ပေးထားကြောင်း သိရသည်။ “ကျွန်တော်စုစုပေါင်းကုမ္ပဏီ ၆ဝ လောက်ကို သွားပြီးလေ့လာကြည့်ပြီး တော့ သူတို့ရဲ့ လုပ်ငန်းရှင်တွေနဲ့ စကားပြောကြည့်ပြီးပြီ။ သတိထားမိသလောက်တော့ ဘဏ်လုပ်ငန်းတို့၊ လေကြောင်းလိုင်းတို့၊ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းတို့IPO လုပ်ဖို့ တော်တော် စိတ်ဝင်စားကြတာ တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဟိုအရင်တုန်းကလို မဟုတ်တော့ဘဲ သူတို့ကို စည်းမျဉ်းစည်းကမ်းတွေ၊ ယှဉ်ပြိုင်နိုင်စွမ်းဆိုတာတွေ နဲ့ အကာအကွယ်ပေးနိုင်တဲ့ အတွက်ပါ။ ဒါတွေကို ဟိုတုန်းက သူတို့မရခဲ့ဘူး။ အခုတော့ အခြေအနေတွေ၊ စည်းမျဉ်းစည်းကမ်း (rule of game ) တွေက ပြောင်းလဲလာပြီ။ ဒီနေရာ မှာ ပြည်တွင်းက ကုမ္ပဏီတွေတင် မဟုတ်ဘူး။နိုင်ငံတကာ လုပ်ငန်းတွေပါ ဒီအထဲမှာပါလာမယ်။ သူတို့ အဲလိုဝင်လာတဲ့အခါမှာ  အခုလို စတော့အိတ်ချိန်းမှာ IPO တွေ listed Companies တွေရှိနေတာဟာ သူတို့ကို ဆွဲဆောင်နိုင်တဲ့ အနေအထားတစ်ခုပါပဲ”ဟု အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားခဲ့သည်။

ပြည်တွင်းက ရှယ်ယာရောင်းနေတဲ့  ကုမ္ပဏီတွေနဲ့ အိုင်ပီအိုဘာကွာလဲ

လက်ရှိအချိန်တွင် ပြည်တွင်းမှာပင် ကုမ္ပဏီအချို့ အများပိုင်ပုံစံမျိုးဖြင့် ရှယ်ယာများ ထုတ်ရောင်းနေခြင်းလည်း ရှိသည်။ ယင်းလုပ်ငန်းများနှင့်  IPO နှင့် မည်သို့ကွာခြားချက်ရှိသနည်း ဆိုရာတွင် “အများပိုင်ကုမ္ပဏီဆိုရင် အကယ်၍  listed company မဟုတ်ဘူးဆိုရင်တောင် သူ့ရဲ့ရှယ်ယာတွေကို ပြည်သူကို ထုတ်ရောင်းလို့ရတယ်။ ဒါပေမဲ့  listed နဲ့ Unlisted ကြားထဲမှာ share- holder အရေအတွက် ကွာပါတယ်။ Unlisted မှာကျတော့ ရင်းနှီးမြှုပ်နှံသူအရေအတွက် နည်းနိုင်ပါတယ်။ listed company  မှာ ရင်းနှိးမြှုပ်နံသူအရေအတွက်က များတတ်ပါတယ်။ listed ဖြစ်သွားပြီဆိုရင် ဘယ်နိုင်ငံသားဖြစ်ဖြစ် လုပ်လို့ရနေတဲ့အတွက်ပါ။ အခု ဒီမှာစိုးရိမ်တာက အခုဒီမှာ မကြာသေးခင်ကပဲ ရှယ်ယာရောင်းနေတဲ့ ကုမ္ပဏီတွေပါ။သူတို့အနေနဲ့ Myanmar Company Law  ကို မလိုက်နာတာတွေ ရှိတယ်။ ဥပဒေအရဆိုရင် သူတို့က သူတို့လုပ်ငန်းတွေကို မှတ်ပုံတင်တဲ့အခါ သူတို့ ဘာလုပ်မယ်ဆိုတာကို အကျဉ်းချုံးဖော်ပြပေးရမှာ။ ဒါပေမဲ့ သူတို့မလုပ်ဘူး။ လောလောဆယ် သူတို့မှာ ရှယ်ယာရှင် ဘယ်လောက်ရှိတယ်ဆိုတဲ့ ဖော်ပြမှုတွေကလည်း ပြည့်စုံလုံလောက်မှု မရှိပါဘူး။ အဲဒီလို ပုံစံမျိုးတွေကို ဆက်ပြီးခွင့်ပြုပေးသွားမယ်ဆိုရင် အန္တရာယ်အများကြီး ရှိပါတယ်။ ၂ဝ၁၅ စတော့အိတ်ချိန်းဖွင့်တဲ့အခါမှာ Capital market အပေါ်လူတွေရဲ့ ယုံကြည်မှု က လျော့ကျလာနိုင်ပါတယ်”ဟု Diawa Securities Exchange group ၏ ဒါရိုက်တာ ဖြစ်သူ Shinsuke Goto  က ဆိုသည်။

ပြည်ပအတွက် ကန့်သတ်ချက်

တချို့ရရှိထားသည့် သတင်းများအရမူ တချို့နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ၎င်းတို့၏ အရင်းအနှီးတွေ တိုးပွားလာရေးအတွက် မြန်မာနိုင်ငံသားလုပ်ငန်းများအနက် အနာဂတ်တွင် listed company  ဖြစ်လာနိုင်သည့် အများပိုင်ကုမ္ပဏီများ၏ ရှယ်ယာများတွင် ဝင်ရောက် မြှုပ်နှံနေသည်များရှိကြောင်း၊ လောလောဆယ်တွင် Foreign Investment  များ ပြည်တွင်းသို့လာပြီး မြှုပ်နှံခြင်းမျိုးအား ခွင့်မပြုသေးကြောင်း၊ နိုင်ငံခြားကုမ္ပဏီများ၏ မြှုပ်နှံမှုနှင့်ပတ်သက်ပြီး အခြားစည်းမျဉ်းစည်းကမ်းများနှင့် ပြန်လည်သုံးသပ်ရန် ပြင်ဆင်ရန်တို့ ရှိနေသေးကြောင်း သိရသည်။ ဥပမာ နိုင်ငံခြားကုမ္ပဏီများနှင့် ပတ်သက်၍ မြန်မာကုမ္ပဏီအက်ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များ အပါအဝင် နိုင်ငံခြားသား ပါဝင်လုပ်ကိုင်နိုင်ရေးအတွက် SEC (Securities Exchange Commission) နှင့် Stock Exchange တို့ အတွက် သတ်မှတ်ထားသည့် ကန့်သတ်ချက်များလည်း ရှိနေသေးကြောင်းနှင့် အကယ်၍ နိုင်ငံခြားမှ လာရောက်ပြီး စတော့ဈေးကွက်မှာ ဝင်မြှုပ်နှံမယ့်သူများကို စည်းကမ်းနည်းလမ်းတကျ မဟုတ်သည့်နည်းဖြင့် ခွင့်ပြုပေးမည်ဆိုပါလျှင် Capital market ကို ထူထောင် သည့်နေရာတွင်  မမျှတမှုများ ဖြစ်စေမည်ဖြစ်ကြောင်းလည်း သိရသည်။

ခရိုနီတွေကော သတ်မှတ်ချက်နဲ့ ကိုက်ညီမလား

“တကယ်တော့ သတ်မှတ်ထားတဲ့ Criteria မိလို့ ဒီ market ထဲဝင်လာလို့ application တင်လာရင် သူ့ကိုလည်း cleaning လုပ်မှာပဲလေ။ အဲဒါကြောင့် regulator အရေးကြီးတယ်လို့ ပြောတာပေါ့။ regulator ခန့်ပြီးရင် ခရိုနီမကလို့ ခရိုနက်ပဲဖြစ်ဖြစ်၊ နံပါတ် (၁) က မြန်မာကုမ္ပဏီဖြစ်ရမယ်ဆိုရင် မြန်မာကုမ္ပဏီပေါ့။ နိုင်ငံခြားကုမ္ပဏီဖြစ်ရမယ် ဆိုရင် နိုင်ငံခြားကုမ္ပဏီပေါ့။ အဲတော့ ပထမအဆင့်မှာ နိုင်ငံခြားကုမ္ပဏီ ပေးမလား မပေးဘူးလားဆိုတာက ဒါကလည်း Issue တစ်ခုပေါ့၊ အခုက ဟိုလူကိုပေးမယ်။ ဒီလူကို မပေးဘူး ဆိုတာတွေက ကုမ္ပဏီဥပဒေမှာ ပြင်စရာလေးတွေ ရှိနေသေးတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာပြင်ဖို့ပြုဖို့က Table အထိ ရောက်မလာဘူး”ဟု ၎င်းက ဆက်လက်သုံးသပ်ပြခဲ့သည်။

၂၀၁၅ စိန်ခေါ်မှု

“ကျွန်တော်တို့  (Securities Exchange Commission ) ကို ထူထောင်သွားမှာပါ။ SEC က အများပိုင်ကုမ္ပဏီတွေကို ကြီးကြပ်ဖို့အတွက် လုံလောက်တဲ့ ထိန်းချုပ်မှုနဲ့ ထိရောက်တဲ့ စွမ်းဆောင်ရည် သူ့မှာရှိတဲ့အတွက်ပါ။ နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့ ကုမ္ပဏီတွေကို listed Company တွေ ဖြစ်လာအောင် အားပေးဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ စတော့ဈေးကွက် ထူထောင်တာက ကမ္ဘောဒီးယားနဲ့ လာအိုမှာလို ဖြစ်သွားနိုင်လားဆိုတာမျိုး စိုးရိမ်ကြတာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာက ကုမ္ပဏီနှစ်ခု၊ သုံးခုလောက်ပဲ listed Company ဖြစ်လာခဲ့တာကိုး။ ကျွန်တော့်အမြင်ကတော့ ကမ္ဘောဒီးယားနဲ့ လာအိုမှာလို မဖြစ်ဘူးလို့ ပြောလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်အနေနဲ့ အဲလိုမဖြစ်အောင် ကူညီသွားမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ဒိုင်ဝါကတော့ မြန်မာနိုင်ငံမှာ သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ စံမီတဲ့ IPO (Initial Public Offering) တည်ထောင်ဖို့စပြီး ပြောဆိုဆွေးနွေးနေပါပြီ”ဟု ဒိုင်ဝါ က ဆိုသည်။

စိန်ခေါ်မှုဆိုသည့်နေရာတွင် ဥပဒေတွင် ကန့်သတ်ထားသည့် clause နှင့် article အချို့ရှိနေသည်။ နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံခွင့်ရရန်ဆိုလျှင် အဆိုပါအပိုဒ်လေးများကို ပြင်လိုက်ရန်လိုသည်။ နိုင်ငံခြားသားများက မြန်မာနိုင်ငံမှ အများပြည်သူ၏ share ကို ဝယ်ချင်သည်။ မြန်မာတွေကျတော့ အခြားနိုင်ငံမှ ရှယ်ယာကို ဝယ်နိုင်ရန်အတွက် သူတို့ နိုင်ငံများက ခွင့်ပေးထားသည်။ ဒီမှာကျတော့ နိုင်ငံခြားသား လာဝယ်၍ မရဖြစ်နေသည်။ ကုမ္ပဏီဥပဒေအရ ကန့်သတ်ထားသည်။ တစ်ခုတော့ရှိသည်။ တကယ်၍ local Company များတွင် နိုင်ငံခြားသား ဝယ်ခွင့်ပေး၍ အကုန်လုံးသိမ်းကျုံးပြီး ဝယ်သွားရင်လည်း local  က ပိုင်ဆိုင်မှုတွေ ပျောက်သွားနိုင်သည်။ လုံးဝနိုင်ငံခြားသားပိုင် ဖြစ်သွားမယ်ဆိုရင်လည်း Economic Independen အဆုံးရှုံးနိုင်သည်။ ဆိုသည့်အပိုင်းတွင် ရာခိုင်နှုန်း မည်မျှလောက်ပဲ ပေးမယ်ဆိုသည်မျိုးကိုတွေက Regulator  က ဆုံးဖြတ်မည် ဖြစ်သည့်အတွက် Regulator လိုလာသည်။ Regulator role ရရှိရန်လည်း SEC  ဖွဲ့စည်း ရန် လိုအပ်နေကြောင်း သိရသည်။  

Eleven Media Group

0 comments:

Post a Comment