Monday, June 30, 2014

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကဏ္ဍအရပ်ရပ်မှ အခွန်ငွေ ကျပ် ၂၆၀၉ ဘီလျံ ကောက်ခံရရှိပြီး ဒေသတွင်း နိုင်ငံများအနက် အနည်းဆုံးဖြစ်


မြန်မာနိုင်ငံသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကဏ္ဍအရပ်ရပ်မှ အခွန်ရငွေ (tax revenue) မှာ GDP ၏ ၄ ဒသမ ၄၄ ရာခိုင်နှုန်း (ကျပ် ၂၆ဝ၉ ဘီလျံ) သာ ကောက်ခံရရှိပြီး ဒေသတွင်းနိုင်ငံများအနက် အနည်းဆုံးဖြစ်ကြောင်း သိရသည်။ နှိုင်းယှဉ်ချက်များအရ ကမ္ဘောဒီးယားနိုင်ငံ သည် GDP ၏ ၁၁ ဒသမ ၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် GDP ၏ ၁၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် GDP ၏ ၁၂ ဒသမ ၉ ရာခိုင်နှုန်းကို အခွန်မှ ရရှိကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အခွန်ရငွေ (ကျပ် ၂၆ဝ၉ ဘီလျံ) (GDP) ၏ ၄ ဒသမ ၄ ရာခိုင်နှုန်း ကောက်ခံရရှိသည် ဆိုသော်လည်း မည်မျှပမာဏအား နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှ ရရှိကြောင်း အထူးသဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် သယံဇာတ တူးဖော်ထုတ်ယူမှု လုပ်ငန်းကုမ္ပဏီများထံမှ မည်မျှရရှိကြောင်းကိုမူ ရှင်းလင်းစွာ မသိရှိရကြောင်း MDRI၊ The Asia Foundation နှင့် IGC (International Growth Centre) မှ ထုတ် ပြန်သည့် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဒေသဆိုင်ရာ အစိုးရများ၊ ဥစ္စာဓန ခွဲဝေမှုအတွက် အဓိက စဉ်းစားစရာများ စာတမ်းတွင် စာတမ်းရှင် သက်အောင်လင်းနှင့် မာရီအိုးရ်တို့က ဆိုသည်။



နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများ အားလုံးအနေဖြင့် သယံဇာတ တူးဖော်ထုတ်ယူမှု လုပ်ငန်းများတွင် မပါဝင်သော်လည်း အဓိက အမြတ်အစွန်း အများဆုံး SOE များမှာ စွမ်းအင်ဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သတ္တုတွင်း ဝန်ကြီးဌာနတို့မှဖြစ်ကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအပေါ် ကောက်ခံမည့် အခွန်ငွေမှာ ကျပ် ၃၂၉၃၄ သန်းရရှိရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လျာထားကြောင်း သိရသည်။ ထို့ပြင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် ကောက်ခံရရှိသော အခွန်ငွေများအရ စွမ်းအင်ကဏ္ဍမှ ရရှိငွေ ကျပ် ၄၃၄၁ ဘီလျံ၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေးကဏ္ဍမှ ရရှိငွေ ကျပ် ၃၈၅ ဘီလျံ၊ သတ္တုတူးဖော်ရေးကဏ္ဍမှ ကျပ် ၃ဝ၃ ဘီလျံနှင့် လျှပ်စစ်စွမ်းအားကဏ္ဍမှ ကျပ် ၁၃၁၉ ဘီလျံတို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိသယံဇာတ တူးဖော်ထုတ်ယူမှုများမှာ ဝင်ငွေများမရရှိဘဲ ဖြစ်နေကြောင်း၊ တစ်ချိန်တွင် ကုန်ခမ်းသွားနိုင်သည့် သယံဇာတများမှ ဝင်ငွေကောက်ခံနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံနိုင်ခြင်း မရှိပါက  တူးဖော်ထုတ်ယူပြီး ရောင်းချရုံ သက်သက်မျှဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်းလည်း သယံဇာတများ တူးဖော်ထုတ်ယူနေမှုများကို လေ့လာနေသည့် သုတေသနပညာရှင်များက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံတွင် သယံဇာတ မည်မျှတည်ရှိနေသည်နှင့် အသုံးပြုသည့်နှုန်းထား၊ သက်ရောက်မှုများကို ရှင်းရှင်းလင်းလင်း မသိရကြောင်း၊ မြန်မာနိုင်ငံ၏ စမ်းသပ်ထားပြီး သယံဇာတမှာ များပြားလှကြောင်း၊ သို့သော် စမ်းသပ်မှု မပြုရသေးသည့် သယံဇာတများ သို့မဟုတ် ဓာတ်သတ္တုသိုက် ရှာဖွေမှု အသစ်များကလည်း မျှော်မှန်းထားသည်ထက် ပိုရှိနိုင်ကြောင်း၊ အထူးသဖြင့် တရားမဝင်သစ်နှင့် သတ္တုတူးဖော် ထုတ်ယူမှုများကြောင့် သယံဇာတ ကုန်ခမ်းမှုနှုန်းမှာ သိရှိရန် ခက်ခဲနေကြောင်း မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဒေသဆိုင်ရာ အစိုးရများ၊ ဥစ္စာဓန ခွဲဝေမှုအတွက် အဓိက စဉ်းစားစရာများ အစီရင်ခံစာအရ သိရသည်။

0 comments:

Post a Comment