Friday, June 20, 2014

ချေးငွေမမျှတခြင်းက အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရန် ခက်ခဲစေ


မြန်မာနိုင်ငံ၏ ပြည်တွင်းစီးပွားရေးလုပ်ငန်း၏ ၆၉ ရာခိုင်နှုန်းရှိသည့် အသေးစားနှင့် အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး
ဘဏ်ကို ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ပြီး ယင်းလုပ်ငန်းများအတွက် ငွေချေး ခြင်းလုပ်ငန်း
များ ဆောင်ရွက်ခဲ့သော်လည်း လည်ပတ်လျက်ရှိသည့် လုပ်ငန်းပမာဏနှင့် ထုတ်ချေးနိုင်သည့်
ငွေကြေးပမာဏ မမျှတခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရန် အခက်အခဲများရှိနေသေးကြောင်း ကျွမ်း
ကျင်သူများကပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်း ၆၂ ခု အတွက်
ချေးငွေ ၁၀ ဘီလျံကိုသာ ထုတ်ချေး နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွက် ချေးငွေ ဘီလျံ၂၀ ထုတ်ချေး
ရန်လျာထားသော်လည်း ယခုလအထိ မည်သည့်အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်း
ကိုမျှ ထုတ်ချေးနိုင်ခြင်း မရှိသေးဘဲ ချေးငွေထုတ်ချေးနိုင်ရန် လျှောက်လွှာလက်ခံဆဲအဆင့်ကို
ဆောင်ရွက်ဆဲဖြစ်ကြောင်း မြန်မာ နိုင်ငံ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ
ဗဟိုဌာန၏ သတင်းထုတ်ပြန်ချက် များတွင် ဖော်ပြသည်။

ဌာန၏ထုတ်ပြန်ချက်အရ တရားဝင်မှတ်ပုံတင် ထားသည့် အသေးစားနှင့်အလတ်စားစီးပွားရေး
လုပ်ငန်း တစ်သိန်းကျော်ရှိပြီး အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဝန်ကြီးဌာနက ကောက်ယူခဲ့သော
စာရင်းများအရ လုပ်ငန်းလည်ပတ်လျက်ရှိ သည့် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်း
အရေအတွက် သုံးသိန်းကျော်ရှိသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်း
က မြန်မာနိုင်ငံတွင်၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် အသေးစားချေးငွေ လုပ်ငန်းသည် လက်ရှိအချိန်
တွင် အသေးစားချေးငွေလုပ်ငန်းအဖွဲ့အစည်းပေါင်း ၂၀၀ ခန့် ရှိနေသော်လည်း အသေးစားငွေရေး
ကြေးရေး စတင်ခဲ့သည့် နှစ်နှစ်တာ ကာလအတွင်း အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍတွင်
ဖြေရှင်းဆောင်ရွက်ရမည့် အချက်အလက်များ ဖြစ်ပေါ်လာသည်ကို သတိပြုမိလာကြောင်း နေပြည်
တော်၌ ယခုလ ၈ ရက်က ကျင်းပခဲ့ သော အသေးစားငွေရေးကြေးရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုး
တက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပြောသည်။

အဆိုပါအချက်များတွင် အတိုးနှုန်းကန့်သတ်မှုအခက်အခဲ၊ ချေးငွေ အရွယ်အစားကန့်သတ်မှု
အခက်အခဲများကိုဖြေရှင်းရန် အစရှိသည်များ ပါဝင်ကြောင်း ဦးမောင်မောင်သိမ်းကပြောသည်။

ထို့အတူ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးမှု ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ သန်းထွဋ်က အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ချေးငွေ
ထုတ်ပေးနိုင်ရန် အသေးစားနှင့် အလတ်စားချေးငွေလုပ်ငန်းကို ပုဂ္ဂလိကဘဏ်များသို့ ခွင့်ပြု
သွားရန်ရှိကြောင်း ပြောသည်။

သို့သော် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များကို အသေးစားချေးငွေထုတ်ပေးရန်၊ ချေးငွေပမာဏ နှင့်
ကာလကန့်သတ်ချက်မူဝါဒများချမှတ်ထား ခြင်းသည် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်
ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့် အတားဖြစ်စေကြောင်း မြန်မာနိုင်ငံစက်မှုဇုန် လုပ်ငန်းရှင်
များအသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က ၂၀၁၅ ခုနှစ် တွင် အကောင်အထည်ပေါ်ပေါက်လာမည့် အာဆီ
ယံစီးပွားရေး အသိုက်အ၀န်းအတွက် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုး
တိုးတက်အောင် လုပ်ဆောင် ရန်သည် အရေးကြီးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ၂၄ ကြိမ်မြောက်
အာဆီယံထိပ်သီး အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

"တကယ်တမ်းပြောနေပေမယ့် အသေးစား အလတ်စားလုပ်ငန်းတွေ အမှန်တကယ်ဖွံ့ဖြိုးဖို့ လိုအပ်
တဲ့ ဈေးကွက်ဖန်တီးပေးတာ၊ ကိုယ့်ပြည်တွင်းမှာပဲမဟုတ်ဘဲ နိုင်ငံတကာထိဈေးကွက်ဖန်တီးပေး
တာမျိုး လုပ်မပေးနိုင်ကြသေးဘူး" ဟု ပါရမီစွမ်းအင်များအဖွဲ့ အကြီးတန်း အကြံ ပေး ဦးတင်ချိုက
မြန်မာတိုင်း(မ်)ကိုပြောသည်။

မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလတွင် အာဆီယံဒေသ တွင်းစီးပွား
ရေးဖွံ့ဖြိုးမှုအတွက် အရေးပါသည့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုး
တက်မှုအတွက် ဦးဆောင်နိုင် သော အခွင့်အရေးကို ရရှိထားခြင်းဖြစ်သည်။ ယင်းကို ဦးဆောင်နိုင်
ပါက ဒေသတွင်းစီးပွားရေး လုပ်ငန်းများ၏ ၆၉ ရာခိုင်နှုန်းဖြစ်သော အသေးစားနှင့် အလတ်စားစီး
ပွားရေးလုပ်ငန်း များကို ၅၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းထိ ပိုမိုမြင့်တက်လာရန် ဆောင်ရွက်နိုင်မည်
ဖြစ် ကြောင်း အာဆီယံဒေသတွင်း စီးပွားရေးဆိုင်ရာ ၀က်ဆိုက်များ၏ တွက်ချက်ထုတ်ပြန်ထား
သော စာရင်းဇယားများတွင် ဖော်ပြသည်။

"ပြောမယ်ဆို လုပ်စရာတွေက အများကြီး ပါပဲ။ ချေးငွေအတွက် အာမခံပေးမယ့် အဖွဲ့ အစည်း
ထူထောင်မယ်လို့ ပြောထားပေမယ့် အဲဒါကလည်း မပေါ်သေးဘူး။ မပေါ်သေးတော့ ပုဂ္ဂလိက
ဘဏ်တွေကလည်း ချေးငွေကို ထုတ် မချေးရဲဘူး။ ထုတ်ချေးပြန်တော့လည်း အတိုးနှုန်းက ၁၃
ရာခိုင်နှုန်းဆိုပြန်တော့ အဆင်မပြေပြန်ဘူး။ အခု ၈ ဒသမ ၅ ရာခိုင်နှုန်း ကိုပဲ များလှပြီ။ အရေးကြီး
တယ်လို့ ပါးစပ်က ပြောနေရုံနဲ့မရဘူး။ တကယ့်လက်တွေ့မှာ ထိထိ ရောက်ရောက် ဆောင်ရွက်
ပေးဖို့လိုအပ်တယ်" ဟု ဦးတင်ချိုကပြောသည်။

မြန်မာတိုင်း(မ်)

0 comments:

Post a Comment