မြန်မာနိုင်ငံတွင် အခြေခံလူတန်း စားဖြစ်သည့်လက်လုပ်လက်စား ပြည် သူများနှင့် ဝန်ထမ်းများအနေဖြင့် အိမ်ခြံမြေဈေးမြင့်မားသည့်အတွက် အိုးပိုင်အိမ်ပိုင် နေထိုင်နိုင်ရန် အလွန် ခက်ခဲသည့်အခြေအနေဖြစ်ပြီးပြည်သူ များ၏ ဝင်ငွေ ထက်ဝက်ကျော်သည် စားသောက်စရိတ်အဖြစ် အသုံးပြု နေရသောကြောင့် မြေပိုင်အိမ်ပိုင် အခြေအနေ ရောက်ရှိရန်အတွက် အလှမ်းကွာဝေးလျက်ရှိသည်။
ယနေ့ကျင်းပသည့် ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် မြင့်မားနေသော မြေဈေးနှုန်းကို သင့်လျော်သော ဈေးနှုန်းတစ်ရပ် ထိန်းညှိဆောင်ရွက်ရန်အတွက် အဆို ကို တင်သွင်းခဲ့သည့် လှည်းကူး မဲဆန္ဒ နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဖြိုးမင်းသိန်းက ၄င်း၏ အဆိုတင်သွင်းခဲ့မှုနှင့် ပတ်သက်ပြီး ''ကျွန်တော်တို့ တိုင်းပြည်မှာ အိမ်ခြံ မြေဈေးတွေ အရမ်းကြီးလာတယ်၊ ဈေးကြီးလာတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပေါ်မှာ အနှောင့် အယှက်ဖြစ်တယ်၊ ဒီအတွက် နိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေ နည်းသွားမယ်လို့ ကျွန်တော်ထင်ပါတယ်၊ နောက်တစ် ချက်အနေနဲ့ ကုန်ထုတ်လုပ်မှုတန် ဖိုးတွေထဲမှာ အလွန်များပြားတဲ့ အတွက် ထုတ်လုပ်မှုတန်ဖိုးကြီးလာ ပြီး ကုန်ဈေးနှုန်းတွေ မြင့်လာတယ်၊ အခြေခံလူတန်းစားတွေ ဖြစ်တဲ့ ဝန်ထမ်းတွေ၊ လက်လုပ်လက်စား ပြည်သူတွေဟာ အိုးပိုင်အိမ်ပိုင် နေနိုင်ဖို့ အလွန်ခက်ခဲတဲ့ အခြေ အနေမှာရှိပါတယ်၊ ဒါကြောင့်မို့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်မှုတွေကို ထိန်းညှိပေးဖို့နဲ့ ထိန်းညှိတဲ့နေရာမှာ ပိုင်ဆိုင်ခွန် ကောက်ခြင်းအားဖြင့် ပိုင်ဆိုင်မှုတွေ အများကြီးကိုင်ထားပြီး ရောင်းကုန်ပစ္စည်းတစ်ခုအဖြစ် ဈေးကစားတာကို ထိန်းညှိပေးဖို့ မေးမြန်းခြင်း ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
ပိုင်ဆိုင်ခွန် ကောက်ခံရန် အတွက် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင် ရွက်မည်ဖြစ်ပြီး ဥပဒေတစ်ရပ်လို အပ်လျှင်လည်း ဥပဒေပြုသွားမည်ဟု သမ္မတရုံးဝန်ကြီးက ပြန်လည် ဖြေ ကြားမှုအပေါ် ယခုအခြေအနေသည် လျင်လျင်မြန်မြန် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊မိမိတို့နိုင်ငံတွင် ဆင်းရဲ ချမ်းသာကွာဟမှု၊ ပိုင်ဆိုင်မှု ကွာဟမှုများ ကြီးထွားလာသည်နှင့်အမျှ တိုင်းပြည်တွင် ပဋိပက္ခများ ဖြစ်လာ တတ်ပါကြောင်း၊ သို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က အမြန်ဆုံး ဆောင်ရွက်ပေးပါရန် တိုက်တွန်း လိုပါကြောင်း ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။
The Mirror Daily

0 comments:
Post a Comment